Language:

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှာ PJ သက်တမ်းတိုး ရက်ချိန်းလိမ်လည်လျှောက်ထားမှုများကြောင့် စိစစ်ရေးကြန့်ကြာနေဟုဆို


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှာ PJ သက်တမ်းတိုး ရက်ချိန်းလိမ်လည်လျှောက်ထားမှုများကြောင့် စိစစ်ရေးကြန့်ကြာနေဟုဆို

၁၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှာ PJ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ရက်ချိန်း လျှောက်ထားမှုတွေထဲ မမှန်မကန်နဲ့ လိမ်လည်လျှောက်ထားတာတွေရှိနေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုမျိုး မမှန်ကန်တဲ့ ဖြစ်စဥ်တွေကြောင့် သံရုံးအနေနဲ့ ရက်ချိန်းစိစစ်ပေးတဲ့ လုပ်ငန်းစဉ်မှာ ကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ သံရုံးကအသိပေးထားပါတယ်။

သံရုံးအနေနဲ့ Whats App နဲ့ အီးမေးလ်ကနေ ရက်ချိန်းတောင်းထားသူတွေထဲမှာ Work Permit နဲ့ Special Pass သက်တမ်းကုန်ဆုံးရက် နီးလာသူတွေကို ဦးစားပေးစိစစ်ပြီး ရက်ချိန်းပေးနေရာ ရက်ချိန်းရရှိသူတွေရဲ့ PJ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်းကိုလည်း တစ်နေ့တည်းနဲ့ ပြီးစီးအောင် ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ရက်ချိန်းရဖို့အတွက် တချို့လျှောက်ထားသူတွေက Whats App နဲ့ အီးမေးလ်တွေကို ထပ်ခါတလဲလဲ ပေးပို့တာ၊ ဖုန်းနံပါတ်အမျိုးမျိုးသုံးပြီး လျှောက်ထားတာ၊ ဖုန်းခေါ်ဆိုတာနဲ့ Voice Message ပေးပို့တာတွေ ပြုလုပ်နေကြတဲ့ အပြင် PJ သက်တမ်းတိုးကိစ္စနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပါ ပေးပို့တာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီအပြင် Work Permit သက်တမ်းကုန်ဆုံးမယ့်ရက်ကို မမှန်မကန်ဖော်ပြပြီး ရက်ချိန်းတောင်းတာ၊ နိုင်ငံကူးလက်မှတ် တကယ်မပျောက်ဘဲ ပျောက်ဆုံးတယ်လို့ လိမ်လည်လျှောက်ထားတာတွေကိုလည်း စိစစ်တွေ့ရှိထားတယ်လို့ သံရုံးကပြောပါတယ်။

မမှန်မကန်လျှောက်ထားမှုကို ပထမအကြိမ်တွေ့ရှိရင် ရက်ချိန်းကို နောက်ရက်သို့ ရွှေ့ဆိုင်းမှာဖြစ်ပြီး ထပ်မံတွေ့ရှိပါက လျှောက်ထားမှုကို ဆက်လက်ထည့်သွင်းစဉ်းစားပေးတော့မှာ မဟုတ်သလို အသုံးပြု လျှောက်ထားတဲ့ ဖုန်းနံပါတ်တွေကိုလည်း Block လုပ်သွားမယ်လို့ သတိပေးထားပါတယ်။

သံရုံးက Work Permit သက်တမ်းမကုန်ခင် သုံးလအလိုကစပြီးသာ WhatsApp ကနေ ရက်ချိန်းလျှောက်ထားဖို့ အသိပေးထားပါတယ်။ အီးမေးလ်ကနေ လျှောက်ထားမယ်ဆိုရင်လည်း သက်ဆိုင်ရာကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို တစ်ဦးချင်းစီ လျှောက်ထားတာထက် အဖွဲ့လိုက် (Group) လျှောက်ထားဖို့ သံရုံးက ညွှန်ကြားထားပါတယ်။

#ကွာလာလမ်ပူ

#မြန်မာသံရုံး

#PJသက်တမ်းတိုး

#ရက်ချိန်းလိမ်လည်

#workpermit

#စိစစ်ရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin