Language:

အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရမှုတွေမှာ အဓမ္မလက်ထပ်ခိုင်းတာ ၆၀ ရာခိုင်နှုန်းကျော်ရှိဟုဆို


အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရမှုတွေမှာ အဓမ္မလက်ထပ်ခိုင်းတာ ၆၀ ရာခိုင်နှုန်းကျော်ရှိဟုဆို

၁၄ စက်တင်ဘာလ ၂၀၂၆(Eastern ThanLwin)

NPW

အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးမှုတွေမှာ အဓမ္မလက်ထပ်ခိုင်းတာ ၆၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးညွန့်ဝင်းဆွေပေးပို့တဲ့ သဝဏ်လွှာအရ သိရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို အဓမ္မလက်ထပ်ဖို့၊ အဓမ္မပြည့်တန်ဆာလုပ်ခိုင်းဖို့ ၊ အဓမ္မလုပ်အားစေခိုင်းတာ၊ ကာမဆိုင်ရာကိစ္စတွေ အဓမ္မပြုလုပ်ဖို့နဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထုတ်ယူဖို့အတွက် လူကုန်ကူးတဲ့ဖြစ်စဉ်တွေကို ဖော်ထုတ်အရေးယူခဲ့တာ အဓမ္မလက်ထပ်ခိုင်းမှု ၆၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သဝဏ်လွှာက ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ယနေ့အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ ဖော်ထုတ်အရေးယူခဲ့တဲ့ အမှု ၈၃ မှုမှာ ကျုးလွန်သူတရားခံ ၂၃၅ ဦးကို တရားစွဲဆိုခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၃ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖော်ြပထားပါတယ်။

လူကုန်ကူးမှုတွေမှာ အဓမ္မလက်ထပ်စေမှု ၆၃ ဒသမ ၈၆ ရာခိုင်နှုန်း၊ အဓမ္မအလုပ်စေခိုင်းမှု ၁၅ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေမှု ၁၄ ဒသမ ၄၆ ရာခိုင်နှုန်း၊ အခြားတစ်နည်းနည်းနဲ့ ကာမဆိုင်ရာ ကိစ္စ အဓမ္မပြုလုပ်စေမှု ၄ ဒသမ ၈၂ ရာခိုင်နှုန်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူမှု ၁ ဒသမ ၂၀ ရာခိုင်နှုန်း တွေ့ရှိရတယ်လို့ သိရပါတယ်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်မှုအနေနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ယနေ့အထိ အမှု ၆၉ မှုက တရားခံ ၁၂၂ ဦးအနက် ထောင်ဒဏ် ၂၅ နှစ် ၂ ဦး၊ ထောင်ဒဏ် ၂၀ နှစ် ၃၃ ဦး၊ ထောာင်ဒဏ် ၁၀ နှစ်နှင့် အထက် ၇၉ ဦးနဲ့ ထောင်ဒဏ် ၁၀ နှစ်အောက် ၈ ဦးတို့ကို ပြစ်ဒဏ်တွေ ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကို မက်လုံးပေးစည်းရုံးပြီး တရားမဝင် ပို့ဆောင်သူတွေကိုလည်း ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့ အရေးယူခဲ့တာမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ယနေ့အထိ ၂၃ မှုရှိခဲ့ပြီး တရားခံ ကျား ၃၄ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း ၇၃ ဦးကို အရေးယူခဲ့ပြီး ပို့ဆောင်ခံရသူ ကျား ၂၁ ဦး၊ မ ၃၈ ဦး၊ စုစုပေါင်း ၅၉ ဦး ကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

လူမှုကွန်ယက်ပလက်ဖောင်းတွေမှာ အလုပ်အကိုင်၊ ငွေကြေးမက်လုံးပေးတဲ့ ကြော်ငြာအတုတွေနဲ့ စည်းရုံးခေါ်ဆောင်တာ၊ စနစ်တကျဂိုဏ်းဖွဲ့ ကျုးလွန်တာတွေကို တားဆီးနှိမ်နင်းရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ နည်းပညာအသုံးပြုပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသရှိ တရားမဝင်အွန်လိုင်းလောင်းကစားရုံတွေ၊ ငွေကြေးလိမ်လည်မှုပြုလုပ်တဲ့ Online Scam လုပ်ငန်းတွေထံ လိမ်လည်ခေါ်တာတွေကို အုပ်စုဖွဲ့ကျုးလွန်လာကြတဲ့အတွက် တရားမဝင် ဝင်ရောက်လာမှုနဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေ ကာကွယ်ဖို့ မြို့ဝင် မြို့ထွက်ဂိတ်တွေ၊ နှစ်နိုင်ငံနယ်စပ်စစ် ဆေးရေးဂိတ်တွေနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာလည်း အသိပညာပေး ပြန်လွှတ်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#အိမ်နီးချင်းနိုင်ငံတွေကို

#လူကုန်ကူးခံရမှုတွေမှာ

#အဓမ္မလက်ထပ်ခိုင်းတာ

#၆၀ရာခိုင်နှုန်းကျော်ရှိဟုဆို

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin