၁၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ဗီယက်နမ်နိုင်ငံ အန်ဇန်းပြည်နယ်၊ ဆမ်တောင်မှာ တောင်ကမ်းပါးကို တိုက်ရိုက်ထွင်းထုဖန်တီးနေတဲ့ ၈၁ မီတာမြင့် ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ လက်ရှိမှာလုပ်ငန်းစဉ် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၇ ခုနှစ်အတွင်း အပြီးသတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
အဆိုပါ ရုပ်ပွားတော်ကြီးရဲ့ ထူးခြားချက်က သီးခြားကျောက်သားတွေ တပ်ဆင်တည်ဆောက်ထားတာ မဟုတ်ဘဲ ဆမ်တောင်ရဲ့ သဘာဝကျောက်ကမ်းပါးမျက်နှာပြင်ကို တိုက်ရိုက်ထွင်းထုဖန်တီးနေတာ ဖြစ်ကာ စီမံကိန်းအတိုင်း ပြီးစီးသွားရင် တောင်ကမ်းပါးကို ထွင်းထုဖန်တီးထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ ကမ္ဘာ့အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်လာမယ်လို့ ဗီယက်နမ်မီဒီယာတွေက ဖော်ပြထားပါတယ်။
ရုပ်ပွားတော်ကြီးဟာ အန်ဇန်းပြည်နယ်၊ ဗင်းတေးရပ်ကွက်ရှိ ဆမ်တောင်မှာ တည်ရှိပြီး ဆမ်တောင်ယဉ်ကျေးမှု ဥယျာဉ်စီမံကိန်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ရာ အဲဒီစီမံကိန်းကို ၂၀၁၅ ခုနှစ် မတ်လမှာ စတင်ခဲ့တာ ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏက ဗီယက်နမ်ဒေါင် ၂၅၅ ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ရုပ်ပွားတော်ရဲ့ အဓိက ကိုယ်ထည်ပုံသဏ္ဍာန်ကို တောင်ကမ်းပါးပေါ်မှာ ထွင်းထုဖော်ဆောင်ပြီး လက်ပိုင်းအထိ လုပ်ငန်းတွေ ရောက်ရှိနေပြီး တောင်ကမ်းပါးအမြင့်မှာ လုပ်ကိုင်ရတာဖြစ်လို့ အလုပ်သမားတွေက လုံခြုံရေးကြိုးတွေ အသုံးပြုပြီး လုပ်ငန်းခွင်အန္တရာယ်ကို ကာကွယ်ကာ ဆောင်ရွက်နေကြပါတယ်။
ရာသီဥတုအခြေအနေကလည်း ဒီလိုလုပ်ငန်းမျိုးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်ရာ မိုးသည်းထန်စွာရွာတာ၊ လေပြင်းတိုက်တာနဲ့ မိုးကြိုးပစ်နိုင်တဲ့အခြေအနေတွေရှိလာရင် အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် လုပ်ငန်းတွေကို ယာယီရပ်နားထားတယ်လို့ သိရပါတယ်။
ဆမ်တောင်ယဉ်ကျေးမှုဥယျာဉ်မှာတော့ ၈၁ မီတာမြင့် ရုပ်ပွားတော်ကြီးတစ်ဆူတည်းသာမက ဗုဒ္ဓဘဝရဲ့ အဆင့်ဆင့်ကို ကိုယ်စားပြုတဲ့ ရုပ်ပွားတော်တွေကိုလည်း ထည့်သွင်းတည်ဆောက်ထားကာ အဲဒီထဲမှာ ၂၁ မီတာမြင့် ကလေးဘဝဗုဒ္ဓရုပ်ပွားတော်၊ ၃၅ မီတာမြင့် တရားကျင့်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်နဲ့ ၄၉ မီတာမြင့် ပရိနိဗ္ဗာန်စံ ဗုဒ္ဓရုပ်ပွားတော်တို့ ပါဝင်ပါတယ်။
၈၁ မီတာမြင့် ရုပ်ပွားတော်ကြီး ပြီးစီးသွားရင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်က ၇၁ မီတာမြင့် လော့ရှန်ဗုဒ္ဓရုပ်ပွားတော်ထက် ပိုမြင့်သွားမှာဖြစ်ကာ စီမံကိန်းအတိုင်း အပြီးသတ်နိုင်ခဲ့ရင် တောင်ကမ်းပါးကို တိုက်ရိုက်ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ ကမ္ဘာ့အမြင့်ဆုံးအဖြစ် ရပ်တည်လာနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
ဆမ်တောင်ဒေသဟာ ဗီယက်နမ်နိုင်ငံမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီး အခုလို ရုပ်ပွားတော်ကြီးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတွေ တိုးချဲ့တည်ဆောက်လာတာက ဘာသာရေးနဲ့ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
တောင်ကမ်းပါးကို တိုက်ရိုက်အသုံးပြုပြီး အရွယ်အစားကြီးမားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖန်တီးနေတဲ့ ဒီစီမံကိန်းဟာ အပြီးသတ်သွားချိန်မှာ ဆမ်တောင်ဒေသရဲ့ အထင်ကရခရီးသွားနေရာတစ်ခုအဖြစ် ပိုမိုလူသိများလာနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။

