၁၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ် ဝမ်လုံးကျေးရွာမှာ အရပ်သားနဲ့ ပြည်သူ့စစ် စကားများရာမှာ သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ အရပ်သားကို ဆေးရုံတင် ဆေးကုသမှုခံယူနေရ
တယ်လို့ သိရှိရပါတယ်။
“ပစ်ခတ်မှုဖြစ်တာတော့ ဟုတ်ပါတယ်၊ ထုံးစံအတိုင်း သူတို့ အချင်းချင်း အလုပ်ကိစ္စ စကားများပြီး ပစ်ကြတာ၊ ပါဝုန်းရွာက ပြည်သူ့စစ်ဆိုပေမယ့် အရန်ပါ၊ သန္ဓေပြည်သူ့စစ်မဟုတ်ပါဘူး၊ ညနေပိုင်းမှာ တရားခံဖမ်းမိတယ်လို့ ကြားတယ်”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားဖြစ်သူမှာ ယာဘက်နံစောင်းမှ ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်နံစောင်းမှ ဖေါက်ထွက် ဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရှိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ပြီး တိမ်ရှောင်နေသူကို တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ညနေ(၃)နာရီခန့်က ဖမ်းဆီးရမိခဲ့ပြီး အမှုတည်ဆောက် တရားစွဲတင်ရန် စစ်ဆေးနေတယ်လို့လဲ သိရှိရပါတယ်။

