၁၀ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်း-မြန်မာနယ်စပ် ရှမ်းအရှေ့ တာချီလိတ်မြို့ ဖလမ်းအပန်းဖြေရိပ်သာ (Phalan Resort)မှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းဂိမ်းဆိုက်ကို စက်တင်ဘာ(၈)ရက် ညပိုင်းက သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
အွန်လိုင်းဂိမ်းဆိုဒ်လုပ်ကိုင်နေသူ (၅၆)ဦးအနက် တရုတ်နိုင်ငံသား(၅)ဦးခန့်ပါဝင်ကာ ဖမ်းဆီးရမိထားတဲ့သူတွေကို သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။
“ည(၁၀)နာရီကျော်လောက်က ဝင်ဖမ်းတာ အာခါစားသောက်ဆိုင်ရှိတဲ့ ဖလန်း(Phalan Resort)မှာ ဖမ်းတာ၊ တရုတ်သူဌေးတစ်ယောက်လဲ ပါတယ်လို့ကြားတယ်။ ဖမ်းထားတဲ့သူတွေကို ရီဂျီးနားဟိုတယ်မှာ ထားထားပြီး စစ်နေတုန်းလို့ကြားတယ်”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ယခု တရားမဝင်အွန်လိုင်းဂိမ်းဆိုဒ် လုပ်ငန်းလုပ်ကိုင်နေတဲ့အတွက် ဝင်ရောက်ဖမ်းဆီးခံရသူတွေမှာ ဒေသခံတွေမဟုတ်ဘဲ လောက်ကိုင်၊ မြဝတီ၊ ရန်ကုန်၊ မန္တလေးဘက်က လူတွေပိုမိုပါဝင်ပြီး အပန်းဖြေရိပ်သာအတွင်း လူဝင်လူထွက်အများအပြားတွေ့ရတယ်လို့ အနီးနေထိုင်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးရရှိတာတွေထဲမှာ ကွန်ပျူတာ အလုံး(၆၀) Wi-Fi စက်များအပြင် ထိုင်ခုံများ၊ စားပွဲများနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်(၂)စီးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ယခု အွန်လိုင်း လောင်းကစားလုပ်ငန်းလုပ်ကိုင်လို့ ဖမ်းဆီးတဲ့ ဖလန်းအပန်းဖြေရိပ်သာမှာ ယခင်က တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ နေရာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွေ ရပ်နားသွားတဲ့နောက် တရုတ်နိုင်ငံသားတွေက အွန်လိုင်းလုပ်ငန်းဝင်ရောက် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

