၉ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်မှာ ရပ်ထားတဲ့ Light Truck ယာဥ်ပေါ် ကုက္ကိုပင်လဲကျပြီး ယာဉ်ပေါ်မှာအိပ်နေတဲ့ ယာဥ်မောင်း အမျိုးသားတစ်ဉီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံပရဟိတအဖွဲ့တွေထံကနေ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ (၉) ရက်၊ မနက် (၈) နာရီဝန်းကျင်က ချမ်းအေးသာစံမြိုနယ် (၃၄)လမ်း၊ (၈၅) လမ်းနဲ့ (၈၆) လမ်းကြားမှာ ရပ်ထားတဲ့ Light Truck ယာဉ်ပေါ် သက်တမ်းရင့် ကုက္ကိုပင်လဲကျခဲ့တာပါ။
အဲဒီလို လဲကျခဲ့တဲ့အတွက် Light Truck ယာဉ် ခေါင်းခန်းမှာ အိပ်နေတဲ့ ယာဉ်မောင်းဖြစ်သူ ညပ်နေခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
“စောစောလေးကတင် သတင်းရတာကတော့ ထုတ်လို့ ရပြီလို့ သိရပါတယ်။ အခြေအနေ အသေးစိတ်တော့ သွားတဲ့ အဖွဲတွေ ရုံးကို ပြန်မရောက်သေးတော့ ပြောလိုမရသေးဘူး။” လို့ သွားရောက်ကူညီခဲ့တဲ့ မဏီစလလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
အဲဒီ Light Truck ယာဉ်ဟာ စစ်ကိုင်းမြို့မှ မန္တလေးမြို့သို သီလရှင်ဆရာလေးများအား လာပို့တဲ့ ယာဉ်ဖြစ်ပြီး ခေတ္တရပ်နားထားစဉ် ယခုလို ဖြစ်ရပ်နဲ့ ကြုံခဲ့တာလို မြိုခံတွေက ပြောဆိုနေကြပေမယ့် အရှေ့သံလွင် သတင်းဌာနအနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခင်းဖြစ်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ လာရောက်ကာ ဝိုင်းဝန်းရှင်းလင်းလျက်ရှိပြီး ပိမိနေတဲ့ ယာဉ်မောင်းကို အပြင်သို့ ထုတ်နိုင်ပြီလို့ သိရပါတယ်။

