၉ စက်တင်ဘာလ ၂၀၂၆(Eastern ThanLwin)
NPW
မွေးမြူဆိုင်ရာဆေးတက္ကသိုလ်မှ ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် ပထမနှစ် သင်တန်းဝင်ခွင့်တွေ ခေါ်ယူနေပြီး ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်လိုတဲ့ သူတွေအနေနဲ့လည်း တိရစ္ဆာန်ဆေးပညာဘွဲ့ ကို မိမိစရိတ်ကုန်ကျခံကာ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။
ဘွဲ့ရ ပြီးနောက်ပိုင်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်လိုသူတွေအနေနဲ့ တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM)ကို ပညာသင်နှစ် (၅)နှစ်စာအတွက် တက္ကသိုလ်သင်တန်းကြေး ကျပ်သိန်း (၃၀၀)၊ မွေးမြူရေးပညာဘွဲ့ (BASc) ပညာသင်နှစ် (၄)နှစ်စာအတွက် တက္ကသိုလ်သင်တန်းကြေး ကျပ်သိန်း (၂၀၀)ကို ပညာသင်နှစ်အလိုက် (၁)နှစ်စာအတွက် လစဉ်ပေးသွင်းပြီး တက်ရောက်နိုင်တယ်လို့ သိရပါတယ်။
တက်ရောက်ခွင့်ပြုမယ့် အရေအတွက်ကိုတော့ မူလခွင့်ပြုဦးရေ ၁၅၀ ရဲ့ ၃၀ ရာခိုင်နှုန်းထက် မပိုတဲ့ ဦးရေလို့ သတ်မှတ်ထားကာ တက္ကသိုလ်ဝင်ခွင့်ရပြီး ကျောင်းလခ တစ်လ (၂၀၀၀) ကျပ်ဖြင့် တက်ရောက်မယ့် သူတွေအနေနဲ့ စာသင်ဆောင်အ ဆောက်အဦ၊ ပရိဘောဂသင်ထောက်ကူပစ္စည်း၊ စာကြည့်တိုက်နဲ့ ဓါတ်ခွဲခန်းသုံးပစ္စည်း၊ သင်ကြားရေး ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ လစာတွေကို နိုင်ငံ့ဘဏ္ဍာကနေ သုံးစွဲရတဲ့အတွက် ဘွဲ့ရပြီးချိန်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ပါမယ်လို့ ကတိခံဝန်ချက် စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။
နိုင်ငံတော် (သို့) ပုဂ္ဂလိကအဖွဲ့အစည်းတွေဆီကနေ ပညာသင်ထောက်ပံ့ကြေးရယူပြီး တက်ရောက်သူတွေအနေနဲ့ လည်း ဘွဲ့ရပြီးချိန်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၁၀)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ပါမယ်လို့ ကတိခံဝန်ချက် စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။
ကတိခံဝန်ချက် စာချုပ်ပါ ကတိပြုချက်တစ်ရပ်ရပ်ကို ချိုးဖောက်ပျက်ကွက်ရင် သို့မဟုတ် တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက်ရင် တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM)အတွက် လျော်ကြေးကိုလည်း ကျပ်သိန်း (၃၀၀) သတ်မှတ်ထားတဲ့အပြင် ဆေးကုသခွင့်လိုင် (တဆမ)လည်း ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
အလားတူ မွေးမြူရေးပညာဘွဲ့ (BASc)အတွက်ကိုလည်း လျော်ကြေး ကျပ်သိန်း (၂၀၀) ပေးလျော်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
တက္ကသိုလ်ဝင်ခွင့်ရလို့ ကျောင်းအပ်တဲ့အခါမှာ အစီအစဉ်ဖြစ်တဲ့ နိုင်ငံတော်အစီအစဉ်နဲ့ မိမိအစီအစဉ် နှစ်ခုမှာ မိမိတက်ရောက်မယ့် အစီအစဉ်ကို ရွေးချယ်ပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) (၅)နှစ်သင်တန်းနဲ့ မွေးမြူရေးပညာဘွဲ့(BASc) (၄)နှစ်သင်တန်းတို့ကို ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲမှာ မွေးမြူရေး အတတ်ပညာကို (Grade A)နဲ့ အောင် မြင်သူတွေ၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ STEAMS- 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေ ဒ)ဘာသာတွဲဖြင့် အောင်မြင်သူတွေနဲ့ General Certificate of Education Advanced Level (GCE ‘A’ Level: CAIE) International Baccalaureate(IB) Diploma နဲ့ အောင်မြင်သူတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#မွေး/ဆေးတက္ကသိုလ်

