Language:

မြန်မာနိုင်ငံကူး သင်္ဘောသားလက်မှတ် Passport ဖြင့် ပြည်ပကို အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်


မြန်မာနိုင်ငံကူး သင်္ဘောသားလက်မှတ် Passport ဖြင့် ပြည်ပကို အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်

၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

မြန်မာနိုင်ငံကူး သင်္ဘောသားလက်မှတ် (PS) ကို အသုံးပြုပြီး ပြည်ပနိုင်ငံတွေဆီ အလည်အပတ်ထွက်ခွာတာကို စက်တင်ဘာ ၁၅ ရက်က စတင်ပြီး ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်ပကိုသွားရောက်ဖို့ လိုအပ်တဲ့ သင်္ဘောသားတွေအနေနဲ့ PS အမျိုးအစားကနေ PV အမျိုးအစားကို ပြောင်းလဲကိုင်ဆောင်ပြီး ထွက်ခွာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို စည်းမျဉ်းပြောင်းလဲလိုက်တာဟာ PS နဲ့ အလည်အပတ်ထွက်စာရယူပြီး ပြည်ပထွက်ခွာတဲ့ လူသစ်သင်္ဘောသားတွေကို တရားမဝင်နည်းလမ်းတွေနဲ့ ပြည်ပ အလုပ်အကိုင်တွေထဲ ရောက်ရှိစေတဲ့ ဖြစ်စဉ်တွေရှိလာတာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ပြည်ပကုမ္ပဏီတွေနဲ့ တိုက်ရိုက်စာချုပ်မရှိဘဲ ဌာနမှာ တရားဝင် SRPS လိုင်စင်မရှိတဲ့ ကုမ္ပဏီတွေ၊ ကြားခံပွဲစားတွေကတစ်ဆင့် သင်္ဘောသားတွေကို စေလွှတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ ထွက်ခွာသွားတဲ့ သင်္ဘောသားတချို့ဟာ သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ရတာမဟုတ်ဘဲ ပင်လယ်ကွေ့နိုင်ငံအချို့က လုပ်ငန်းခွင်တွေထဲ ရောက်သွားတာ၊ ဌာနက ခွင့်ပြုထားခြင်းမရှိတဲ့ ငါးဖမ်းသင်္ဘောတွေပေါ် စုဆောင်းခေါ်ယူခံရတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပကုမ္ပဏီတွေနဲ့ ခိုင်မာတဲ့ စာချုပ်စာတမ်းတွေ မချုပ်ဆိုထားတာကြောင့် သင်္ဘောသားတွေ ရသင့်ရထိုက်တဲ့ လစာမရတာ၊ လစာဆုံးရှုံးတာနဲ့ တရားမဝင်မှောင်ခိုပစ္စည်းတွေ သယ်ဆောင်တဲ့ သင်္ဘောတွေပေါ် ရောက်ရှိပြီး ပြည်ပမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီအခြေအနေတွေကြောင့် အာမခံ မရှိတဲ့ သင်္ဘောတွေပေါ် တာဝန်ထမ်းဆောင်ရတဲ့အခါ ထိခိုက်မှုနဲ့ အသက်အာမခံလျော်ကြေး မရရှိတာ၊ သတ်မှတ်ထားတဲ့ Minimum Terms and Conditions တွေနဲ့ မကိုက်ညီတာ၊ တရားဝင်စာချုပ်စာတမ်းတွေ မခိုင်မာတာတို့ကြောင့် သင်္ဘောသားတွေရဲ့ အကျိုးခံစားခွင့်တွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်းမရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ထွက်ခွာလာတဲ့ သင်္ဘောနဲ့ တကယ်တာဝန်ထမ်းဆောင်ရတဲ့ သင်္ဘော မတူညီတာကြောင့် ပင်လယ်ပြင်လုပ်သက် မရရှိတာ၊ လိုအပ်တဲ့ သင်တန်းတွေ တက်ရောက်ခွင့် မရတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အလားတူ တရားဝင် SRPS လိုင်စင်မရှိဘဲ ရုံးခန်းဖွင့်ပြီး Social Media ကနေ လူသစ်တွေ စုဆောင်းကာ ပြည်ပကို စေလွှတ်တာ၊ SIRB (CDC) မှာ ရာထူးအတုအယောင် ဖြည့်သွင်းတာနဲ့ ပင်လယ်ပြင်လုပ်သက်ကို မမှန်မကန် ရယူတာတွေရှိနေတယ်လို့လည်း ဌာနက အသိပေးထားပါတယ်။

အဆိုပါ ပြဿနာတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် စက်တင်ဘာ ၁၅ ရက်ကစပြီး သင်္ဘောသားတွေကို PS နဲ့ ပြည်ပအလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘဲ ပြည်ပထွက်ခွာလိုသူတွေအနေနဲ့ PS ကနေ PV အမျိုးအစားကို ပြောင်းလဲကိုင်ဆောင်ပြီး ထွက်ခွာဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

#သင်္ဘောသားလက်မှတ်

#PSPassport

#SIRB(CDC)

#PVPassport

#ပြည်ပကိုအလည်အပတ်ထွက်ခွာခွင့်မပြု

#ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin