၄ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကားပစ္စည်းခိုးခံရမှုတွေ နေ့စဉ်ဆက်တိုက် ဖြစ်ပွားနေပြီး ခိုးယူခံရတဲ့ ပစ္စည်းတွေကို ကီလိုနဲ့ ကားပစ္စည်းအဟောင်းဆိုင်တွေက လက်ခံဝယ်ယူနေတာကြောင့် ခိုးခံရမှု ပိုမိုများပြားလာတာဖြစ်ပါတယ်။
အဆိုပါသူခိုးတွေဟာ ညဘက်နဲ့ မနက်စောစော လူခြေတိတ်ချိန်မှာ ရပ်ကွက်အတွင်းရှိ ဆိုင်ကယ်၊ ကားဘတ်မှန်များနှင့် အိမ်လိုင်းခန်းငှားအတွင်းတွေထိ ခိုးမှုတွေကို အုပ်စုဖွဲ့ဂိုဏ်းပုံစံနဲ့ နေ့တိုင်းလိုက်လံခိုးယူနေကြပြီး ခိုးယူရရှိသည့်ပစ္စည်းများကို သူခိုးလက်ခံဆိုင်တွေက ပြန်ဝယ်ကြတယ်လို့ သိရပါတယ်။
“မနေ့ညက ကားဘတ်မှန်ခိုးခံရတာခင်ဗျ။ ကားက ရုံးကပြန်တော့ အိမ်အောက်မှာရပ်ထားတာ။ မနက်ရုံးသွားခါနီးကြတော့ ကားဘတ်မှန်ကမရှိ့တော့ဘူး။ ကိုယ့်ရှေ့က အတူရပ်ထားတဲ့ Crown ၂၀၀၈ တစ်စီးလည်း ဘက်မှန်ခိုးခံထားရတယ်လို့ “အရှေ့သံလွင်အယ်ဒီသာချုပ် ကိုဇက်က ပြောပါတယ်။
တချို့ သူခိုးလက်ခံဆိုင်တွေဖြစ်တဲ့ အဟောင်းပစ္စည်းဝယ်ယူတဲ့ ကီလိုဆိုင်နဲ့ ကားအပိုပစ္စည်း အဟောင်းဆိုင်တွေက ခိုးယူပြီး သွားရောက်ရောင်းချတဲ့ ပစ္စည်းတွေကို လက်ခံဝယ်ယူတဲ့အတွက် သူခိုးတွေဟာ ကားပစ္စည်းတွေကို ဖြုတ်ယူခိုးနေတာဖြစ်တယ်လို့ ပစ္စည်းအခိုးခံရတဲ့ သူတွေက ပြောပါတယ်။
ယခင်က တာချီလိတ်မြို့မှာ ကားပစ္စည်းခိုးယူတဲ့ ဖြစ်စဉ်တွေ မရှိခဲ့ပေမယ့် အခုနောက်ပိုင်း သုံးဘီးဆိုင်ကယ်နဲ့ ဟိုက်ဂျက်ကားက ဘတ္ထရီနဲ့ ကားဘက်မှန်အထိုင် အပါအဝင် ကားတာယာနဲ့ လွယ်လင့်တကူ ဖြုတ်ယူလို့ရတဲ့ ကားပစ္စည်းပေါင်းစုံကို ခိုးယူနေကြတာဖြစ်ပါတယ်။
“ကိုယ့်ကားတုန်းက ကားခေါင်မိုးပေါ်တင်ထားတဲ့ ဝက်ခြံပါ ဖြုတ်ခိုးသွားတာ။ ကားထဲထည့်ထားတဲ့ ကင်မယာပစ္စည်းတွေကော၊ အကုန်လုံးကို ကားမှန်ခွဲပြီး ယူသွားတာ”လို့ ရုပ်သံ ရိုက်ကူးရေးလုပ်ကိုင်သူ ကိုမြင့်သူက ပြောပါတယ်။
ကားပစ္စည်းခိုးယူခံရသူတွေအနေနဲ့ ကားဘတ်မှန်တစ်စုံကို ဘတ်(၁၅၀၀)မှ ဘတ်(၂၅၀၀)အထိ ကားပစ္စည်းအဟောင်းဆိုင်တွေမှာ သွားရောက်ဝယ်ယူပြီး ပြန်လည် တပ်ဆင်နေရတာဖြစ်ပြီး ဈေးကွက်အတွင်း ခိုးယူလာတဲ့ ပစ္စည်းကို အဟောင်းတန်းက သူခိုးဈေးနဲ့ ပြန်လည်ဝယ်ယူပြီး ရောင်းချနေကြတဲ့အတွက် ခိုးမှုတွေ ပိုမိုကျူးလွန်နေကြတာ ဖြစ်ပါတယ်။
တစ်နေ့ထဲမှာပင် ပုံလို့ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုမှာ အလားတူပုံစံ ကားဘတ်မှန်ခိုးယူမှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ သွားလာမှုအပေါ် စိတ်မလုံခြုံမှုတွေနှင့်် စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့က ညစဉ်ကင်းလှည့်စစ်ဆေးနေတာတွေ ပြုလုပ်ပေးနေပမယ့် ဆိုင်ကယ်ခိုးယူမှု၊ ကားပစ္စည်း ခိုးယူမှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး မှုခင်းဖြစ်ပွားမှုနှုန်းလက် ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
တာချီလိတ်မြို့က မော်တော်ကားပိုင်ရှင်တွေဟာ ကားကို အိမ်အပြင်လမ်းပေါ်မှာ အများစု ညအိပ်ရပ်နားထားရတာကြောင့် သူခိုးတွေအနေနဲ့ ခိုးယူဖို့ လွယ်လင့်တကူ ဖြစ်နေပြီး ယခင်ကတော့ အခုလို ကားပစ္စည်းခိုးယူမှုတွေ ဖြစ်ပွားခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ခိုးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ သူခိုးလက်ခံဆိုင်တွေကို သက်ဆိုင်ရာ စစ်ဆေးကြပ်မတ်ပြီး ဥပဒေအရ ရေးယူဆောင်ရွက်ပေးရန် မှုခင်းဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးရန် လိုလားနေကြတာဖြစ်ပါတယ်။

