Language:

ဩစတြေးလျမှာ ဆီခိုးဖို့သွားရင်း မစင်ကန်ကို မှားစုပ်မိခဲ့တဲ့ သူခိုးများ


ဩစတြေးလျမှာ ဆီခိုးဖို့သွားရင်း မစင်ကန်ကို မှားစုပ်မိခဲ့တဲ့ သူခိုးများ

၃ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ဩစတြေးလျနိုင်ငံမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးက ဒီဇယ်ဆီခိုးဖို့ကြိုးစားခဲ့တဲ့ သူခိုးတစ်ဖွဲ့ဟာ လောင်စာဆီတိုင်ကီအစား ဘတ်စ်ကားအိမ်သာရဲ့ အညစ်အကြေးသိုလှောင်ကန်ကို မှားစုပ်မိခဲ့တဲ့ အလွဲဖြစ်ရပ်တစ်ခု လူမှုကွန်ရက်မှာ ပြန်လည်ရေပန်းစားနေပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းလောက်က ဩစတြေးလျနိုင်ငံ အနောက်ပိုင်း Laverton မြို့ မှာ တကယ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ညဘက်မှာ ရပ်ထားတဲ့ ခရီးသည်တင် Tour Bus တစ်စီးကို သူခိုးတွေက ပိုက်နဲ့ ဒီဇယ်ဆီစုပ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီဇယ်ဆီတိုင်ကီမဟုတ်ဘဲ ဘတ်စ်ကားအိမ်သာက ထွက်တဲ့ အညစ်အကြေးတွေကို သိုလှောင်ထားတဲ့ Black Water Tank ကို မှားပြီးဖွင့်မိခဲ့တာဖြစ်ပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ ဘတ်စ်ကားအနား မြေကြီးပေါ်မှာ အညစ်အကြေးကန်ရဲ့ အဖုံးကို တွေ့ရှိခဲ့ပြီး ဘတ်စ်ကားထဲက ဒီဇယ်ဆီကတော့ တစ်စက်မှ မပျောက်ဆုံးခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီအတွက် သူခိုးတွေဟာ ဆီမရဘဲ မှားစုပ်မိတာကိုသိသိချင်း ပစ္စည်းတွေထားခဲ့ပြီး အမြန်ထွက်ပြေးသွားတယ်လို့ ယူဆထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Laverton ရဲတပ်ဖွဲ့က “သူခိုးတွေဟာ ပါးစပ်ထဲမှာ ခါးသီးတဲ့ အရသာနဲ့ပဲ ထွက်ပြေးသွားရမှာ သေချာတယ်” လို့ ဟာသနှောပြီး မှတ်ချက်ပေးခဲ့တာကြောင့် အဲဒီသတင်းဟာ ဩစတြေးလျတစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာမှာပါ လူစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။

လက်ရှိ ထိုင်းနဲ့ မြန်မာ လူမှုကွန်ရက်တွေမှာ ပြန်လည်မျှဝေနေတဲ့ ပုံတွေထဲမှာ “မစင်တွေ အဆုတ်ထဲ ဝင်သွားတယ်”၊ “မျက်နှာတစ်ခုလုံး ပန်းခံလိုက်ရတယ်” ဆိုတဲ့ စာသားတွေ ပါရှိနေပေမယ့် အဲဒီအချက်တွေကို မူရင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိဘူးလို့ သိရပါတယ်။

မူရင်းသတင်းမှာတော့ သူခိုးတွေဟာ အညစ်အကြေးကန်ကို မှားစုပ်မိပြီး ထွက်ပြေးသွားခဲ့တာသာ ဖော်ပြထားပါတယ်။

#မှုခင်း

#သူခိုးအဖွဲ့

#ဆီသူခိုး

#ဘတ်(စ)ကား

#သြစတြေးလျ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin