၂ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းနိုင်ငံမြောက်ပိုင်း ခမ်ဖာအမ်ခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက ယနေ့ စက်တင်ဘာ ၂ ရက် နေ့လည်ပိုင်းမှာ သေနတ်နဲ့ (၆) ချက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် ကျောင်းဆရာတွေနဲ့ ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း ထိခိုက်သူ တစ်ယောက်မှမရှိခဲ့ဘဲ ကျောင်းမှ ဆရာ၏ယာဉ်တစ်စီးသာ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကျောင်းသားမှာ ကျောင်းက ယာယီထုတ်ပယ်ထားတာဖြစ်ပြီး ကျောင်းသားက စက်တင်ဘာ ၂ရက် နေ့လည် ၂နာရီ မိနစ် ၂၀လောက်က ကျောင်းထဲသို့ ၉ မမ သေနတ်တစ်လက် ကိုင်ဆောင်ဝင်ရောက်လာပြီး စတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စာသင်ကျောင်း အရာရှိတွေက အခြားကျောင်းသားများအား ကျောင်းခန်းထဲမှာပဲနေပြီး တံခါးများအား သော့ပိတ်ထားကြဖို့ ချက်ချင်းညွှန်ကြားခဲ့ပါတယ်။
ကျောင်းရှိ လုံခြုံရေးတစ်ဦးအား မိဘတစ်ဦးက အဆိုပါကျောင်းသားမှာ သေနတ်ပါလာကြောင်း သတင်းပေးခဲ့ပေမယ့် သူဘာမှ မလုပ်နိုင်ခင်မှာပဲ ကျောင်းသားက သူ့အနီးမှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကျောင်းသားလူငယ်က ကျောင်းဝင်းအလယ်ခေါင်ရှိ သစ်ပင်အနီးမှာလည်း သေနတ်ကို မိုးပေါ်ထောင် ပစ်ခတ်ခဲ့သေးတယ်လို့ လုံခြုံရေးအစောင့်က ပြောကြားပါတယ်။
ကျည်တစ်တောင့်ဟာ ကျောင်းဝင်းထဲရပ်ထားတဲ့ ဆရာတစ်ယောက်ရဲ့ကားကို ထိမှန်ခဲ့ပြီး မှန်တွေ ကွဲသွားခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာနေရာသို့ အလျင်အမြန် ရောက်လာတဲ့ ဆရာတွေနဲ့ ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ကျောင်းသားအား ထိန်းချုပ်ပြီး ပြောင်းတိုသေနတ်အား သိမ်းဆည်းနိုင်ခဲ့ပါတယ်။
အဆိုပါ ကျောင်းသား ဘာကြောင့် ပစ်ခတ်တိုက်ခိုက်တာလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

