Language:

အခွန်ကင်းလွတ်ခွင့် သုံးနှစ်ပေးမယ့် အသေးစား ၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကာအကွယ်ပေး ဥပဒေကြမ်း ထုတ်ပြန်


အခွန်ကင်းလွတ်ခွင့် သုံးနှစ်ပေးမယ့် အသေးစား ၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကာအကွယ်ပေး ဥပဒေကြမ်း ထုတ်ပြန်

၂ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

NPW

လုပ်ငန်းသစ် အစပျိုးလုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းတွေအတွက် အခွန် သုံးနှစ် ကင်းလွတ်ခွင့်ပေးမယ့် အသေးစား အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကာအကွယ်ပေး ဥပဒေကြမ်းကို ယနေ့ စက်တင်ဘာ (၂) ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတဆင့် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဥပဒေကြမ်းအရ တီထွင်ဆန်းသစ်ပြီး စီးပွားရေးအရ အလားအလာကောင်းတဲ့ လုပ်ငန်းသစ်တွေကို ပေါ်လာစေဖို့ အသစ်စတင်မယ့်လုပ်ငန်းတွေ လုပ်ငန်းစတင်တဲ့နေ့ကစလို့ သုံးနှစ်အထိ အခွန်ကင်းလွတ်ခွင့်အပါအဝင် အစိုးရ (သို့)၊ ပုဂ္ဂလိက (သို့) အဖွဲ့အစည်းတွေက ပံ့ပိုးပေးတဲ့ ဝန်ဆောင်မှု ရုံးခန်းနေရာ၊ ပစ္စည်းကိရိယာတွေကို တစ်စိတ် တစ်ဒေသ (သို့) အပြည့်အဝအသုံးပြုခွင့်၊ အကျိုးတူဖြစ်စေ၊ လုပ်ငန်းသစ်စတင်ဖို့ ရင်းနှီးမြှုပ်နှံမှုရဖို့ ဖြစ်စေ ဘဏ်၊ငွေရေးကြေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ရင်နှီးငွေအထောက်အပံ့နဲ့ ချေးငွေပံ့ပိုးပေးတာတွေကို ရရှိမယ်လို့ ဖော်ပြထားပါတယ်။

အလားတူ အဆိုပါ အစပျိုးလုပ်ငန်းတွေကို ရင်းနှီးငွေ ပံ့ပိုးပေးမယ့် ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့လည်း အခွန်သက်သာခွင့်၊ လုပ်ထုံးလုပ်နည်းဖြေလျော့ သက်သာခွင့်တွေကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းလုပ်ကိုင်မယ့်သူတွေအနေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ငန်းမှတ်ပုံတင်ရမှာဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်သူက မှတ်ပုံတင်လက်မှတ်ပြန်လည်အပ်နှံတာ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လုပ်ငန်းရပ်စဲခံရတာနဲ့ အသေးစား အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျော်လွန်ပြီး စီးပွားရေး လုပ်ငန်းတွေရဲ့ ပြောင်းလဲဖြစ်ပေါ်မှုဟာ ကန့်သတ်ကာလ သုံးနှစ်ထက် ကျော်လွန်တာတွေဖြစ်လာရင် အေဂျင်စီတွေက မှတ်ပုံတင်ကို ပြန်လည်ရုပ်သိမ်းရမယ်လို့ ဥပဒေကြမ်းမှာ ပြဌာန်းထားပါတယ်။

ဥပဒေကို အသေးစား အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် သတင်းအချက်အလက်၊ နည်းပညာ အထောက်အကူ၊ ငွေကြေးပံ့ပိုးမှုနဲ့ အလုပ်အကိုင်ကျွမ်းကျင်မှု အလွယ်တကူရရှိနိုင်ဖို့၊ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကို လက်လှမ်းမီရေးနဲ့ ယှဉ်ပြိုင်မှုတိုးတက်စေရေး၊ ပြည်သူတွေ အလုပ်အကိုင်အခွင့် အလမ်းသစ်နဲ့အတူ ဝင်ငွေတိုးတက်လာရေး၊ လုပ်ငန်းဆိုင်ရာအခက်အခဲနဲ့ အဟန့်အတားတွေ လျော့နည်းဖို့အတွက် ရေးဆွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ထို့ပြင် အွန်လိုင်းကုန်သွယ်မှုစနစ် ဖွံ့ဖြိုးလာစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကာအကွယ်ပေးရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ၊ အစီအစဉ်တွေ ဖြည့်ဆည်းပေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ရည်ရွယ်ပြီး ရေးဆွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အသစ်စတင်မယ့်လုပ်ငန်းတွေအပြင် လက်ရှိလုပ်နေတဲ့ အသေးစား အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက်လည်း သတင်းအချက်အလက်၊ နည်းပညာနဲ့ ငွေကြေးအရင်းအနှီး အထောက်အကူ ပေးသွားမယ်လို့လည်း ဥပဒေကြမ်းမှာ ဖော်ပြပါရှိပါတယ်။

ဥပဒေအရ လုပ်ငန်းတွေအကောင်အထည်ဖော်ဖို့ အသေးစား အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဥက္ကဌအဖြစ် နိုင်ငံတော် သမ္မတ၊ ဒုတိယဥက္ကဌတွေအဖြစ် ဒုတိယ သမ္မတ နှစ်ဦး၊ အဖွဲ့ဝင်တွေအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနဲ့ စီးပွားရေး အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ စီးပွားရေးပညာရှင်တွေ၊ အသိပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေ၊ အတွင်းရေးမှုးအဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြည်ထောင်စုဝန် ကြီးတို့နဲ့ ဖွဲ့စည်းပြီး ဒုတိယသမ္မတတစ်ဦး ဦးဆောင်တဲ့ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းကော်မတီက ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ အသေးစား အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ အေဂျင်စီနဲ့ ဒေသဆိုင်ရာ အေဂျင်စီတွေဖွဲ့စည်းပြီး ဥပဒေအရ အေဂျင်စီတွေက အဓိကလည်ပတ်ရမှာဖြစ်ပါတယ်။

#အသေးစားအငယ်စားနဲ့

#အလတ်စားစီးပွားရေးလုပ်ငန်း

#ဖွံ့ဖြိုးတိုးတက်ရေးနဲ့

#အကာအကွယ်ပေးဥပဒေကြမ်းထုတ်ပြန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin