၂ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနီးမှာ ယမန်နေ့ စက်တင်ဘာ (၁) ရက် ည (၁၁) နာရီ (၄) မိနစ် (၁၆) စက္ကန့်က ရစ်ချက်တာစကေး အင်အား ၃.၃ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေ၀သနှင့် ဇလေဗ ဒ ညွန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ မြေငလျင် လှုပ်ခတ်ခဲ့တာကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့မှာ သိသိသာသာ ခံစားခဲ့ရတယ်လို့ ေဒသခံတို့က ဆိုပါတယ်။
အဆိုပါ မြေငလျင်ဟာ ကမ္ဘာအေးမြေငလျင်စခန်းကနေ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ လှိုင်သာယာမြို့နယ်ရဲ့ အနောက်-အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၆.၉၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၈၅ ဒီဂရီနဲ့ မြေအောက်အနက် ၁၆ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အင်အား ရစ်ချက်တာစကေး ၃.၃ အဆင့်ရှိတဲ့ အဆိုပါ မြေငလျင်ကို ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှာ ခံစားခဲ့ရပေမယ့် မြို့နယ်အားလုံးမှာတော့ သိသိသာသာ ခံစားရတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း ရန်ကုန်မြို့အနီးဝန်းကျင်ဒေသတွေမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုတွေလည်းရှိခဲ့ပါတယ်။
ဩဂုတ် ၁၆ ရက်မှာ ရန်ကုန်မြို့ကနေ အရှေ့တောင်ဘက် ၆၃ မိုင်ခန့်အကွာမှာ အင်အား ရစ်ချက်တာစကေး ၃.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို၊ ဩဂုတ် ၂၁ ရက်မှာလည်း ရန်ကုန်မြို့ကနေ မြောက်ဘက် ၃၄ မိုင်ခန့်အကွာမှာ အင်အား ရစ်ချက်တာစကေး ၃.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၃ ရက်မှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းအနီးမှာ အင်အား ရစ်ချက်တာစကေး ၄.၆ နဲ့ အင်အား ရစ်ချက်တာစကေး ၄.၀ အဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့အပါအဝင် အနီးဝန်းကျင်ဒေသတွေမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက ငလျင်ဖြစ်စေနိုင်တဲ့ ပြတ်ရွေ့ကြောတွေထဲမှာ စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) ဟာ အရေးကြီးတဲ့ ပြတ်ရွေ့ကြောတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို မြောက်မှတောင်သို့ ဖြတ်သန်းသွားပါတယ်။
ရန်ကုန်မြို့ဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ တိုက်ရိုက်တည်ရှိတာမဟုတ်ပေမယ့် အဆိုပါ ပြတ်ရွေ့ကြောနဲ့ ဆက်စပ်တဲ့ ငလျင်အန္တရာယ်ကို ခံစားရနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေပြီး သုတေသနလေ့လာချက်တွေမှာလည်း စစ်ကိုင်းပြတ်ရွေ့ကြောဟာ ရန်ကုန်ရဲ့ ငလျင်အန္တရာယ်ကို သက်ရောက်စေနိုင်တဲ့ အဓိက ငလျင်ရင်းမြစ်တွေထဲက တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
အထူးသဖြင့် ရန်ကုန်ဟာ လူဦးရေထူထပ်ပြီး မြို့ပြတည်ဆောက်မှုများပြားတဲ့ မြို့ဖြစ်တာကြောင့် ငလျင်အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားဖို့ ပိုပြီးအရေးကြီးတယ်လို့ ငလျင်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက သတိပေးပြောကြားထားပါတယ်။
#အင်အားရစ်ချက်တာစကေး၃.၃အဆင့်ရှိ

