၃၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲတော်စပ်သူ အမျိုးသမီးငယ်အား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP/SSA က သေဒဏ်အမိန့်ချပြီး စီရင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကျူးလွန်သူဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စံဖိတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာနေ စိုင်းဆာစံဆိုသူဖြစ်ပြီး အသက် (၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
တရားခံစိုင်းဆာစံဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က တစ်ရွာတည်းနေ ညီမဝမ်းကွဲတော်စပ်သူ အသက် ၁၄ နှစ်အရွယ် နန်းစံဟွမ်အား အလုပ်ရှာပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး သီပေါမြို့နယ် ၊ ဘော်ကြိုကျေးရွာအုပ်စု ၊ နမ့်ဟူးနွဲ့ကျေးရွာအနီးက ငှက်ပျောစိုက်ခင်းတစ်ခုတွင် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာလို့ SSPP ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နန်းစံဟွမ် ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မိဘများက ဇွန်လ ၂၅ ရက်တွင် SSPP ထံလာရောက်တိုင်ကြားသဖြင့် SSPP/SSA တာဝန်ရှိသူများက ချက်ချင်း စုံစမ်းဖော်ထုတ်ခဲ့ရာ တိုင်ကြားသည့်နေ့၌ပင် ပြစ်မှုကျူးလွန်သူ စိုင်းဆာစံအား ဖမ်းဆီးရမိခဲ့တယ်လို့ SSPPက ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူ စိုင်းဆာစံဟာ ညီမဝမ်းကွဲတော်စပ်သူ နန်းစံဟွမ်ကို အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်ကာ ပုလင်းကွဲဖြင့် လည်ပင်း၊ ဝမ်းဗိုက်နေရာကို အကြိမ်ကြိမ် ထိုးသတ်ကာ အလောင်းကို ငှက်ပျောပင်အောက် စွန့်ပစ်ထားခဲ့တယ်လို့ ဝန်ခံကေကာင်း SSPP ရဲ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။
ထို့ကြောင့် တရားခံစိုင်းဆာစံအား SSPP/SSA ဗဟိုဌာနချုပ် အထက်တရားရုံးတွင် စစ်ဆေးစီရင်ခဲ့ပြီးနောက် သေဒဏ်အမိန့်ချမှတ်ကာ မနေ့က ဩဂုတ်လ (၃၀)ရက်တွင် စီရင်ခဲ့တယ်လို့ SSPP info က ဆိုပါတယ်။

