၃၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ကားတစ်စီးနဲ့ လှည့်လည်ပြီး ဘာသာရေးအမည်အသုံးပြုကာ အလှူငွေကောက်ခံနေတယ်ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို သက်ဆိုင်ရာအဖွဲ့တွေက စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူ စုစုပေါင်း (၇) ဦးရှိပြီး အမျိုးသား (၆) ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဆိုပါသူတွေကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး အလှူခံမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီအဖွဲ့ဟာ အရင်ကလည်း ပေါက်တောကျေးရွာဘက်မှာ အလားတူ အလှူခံမှုတွေ ပြုလုပ်ခဲ့ဖူးပြီး စစ်ဆေးခံရပြီးနောက် ခံဝန်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။
အဲဒီနောက် နေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်ပြီး အလှူခံရာမှာ အသုံးပြုမယ့် စာရွက်စာတမ်းတွေနဲ့ ဗီနိုင်းတွေကို ပြန်လည်ပြင်ဆင်ကာ လှည့်လည်အလှူခံမှုတွေ ဆက်လုပ်ခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ပြောဆိုထားပါတယ်။
ယခုတစ်ကြိမ်မှာတော့ ညောင်ခြေထောက်မြို့အတွင်း ကားပေါ်မှာ ဗီနိုင်းတွေ ချိတ်ဆွဲထားပြီး အလှူငွေလိုက်လံကောက်ခံနေတယ်ဆိုတဲ့ သတင်းရရှိခဲ့တာကြောင့် သာသနာထိန်းသိမ်းရေးအဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းစစ်ဆေးခဲ့ရာကနေ အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ကို ဦးဆောင်သူလို့ ဆိုသူကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
အများပြည်သူတွေရဲ့ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာ လှူဒါန်းလိုတဲ့ စိတ်ဆန္ဒကို အသုံးချပြီး အလှူခံမှုတွေ မဖြစ်ပေါ်စေရေးအတွက် စိစစ်ဖော်ထုတ်ပြီး လိုအပ်သလို အရေးယူသွားမယ်လို့ အုတ်တွင်းမြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့ဘက်က အသိပေးထားပါတယ်။

