Language:

YBS ယာဉ် ၅,၃၉၉ စီး စာရင်းရှိပေမယ့် ၃၀၀၀ ကျော်သာပြေးဆွဲနိုင်


YBS ယာဉ် ၅,၃၉၉ စီး စာရင်းရှိပေမယ့် ၃၀၀၀ ကျော်သာပြေးဆွဲနိုင်

၃၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန်တစ်မြို့ လုံးမှာ ပြေးဆွဲနေတဲ့ YBS ယာဥ်က ၃၄၀၀ ကျော်လောက်ကသာ ပြေးဆွဲနိုင်ပြီး အစီးရေ ၂၀၀၀ ကျော်လောက်က ပြန်လည်ပြုပြင်မှုတွေ လုပ်ဆောင်နေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ YBS ကနေ နေ့စဉ်ခရီးသည် ၁ ဒဿမ ၈ သန်းလောက်ကို သယ်ယူပို့ဆောင်ပေးနေပေမယ့် ဘတ်စ်ကားအများအပြားဟာ သက်တမ်း ကြာလာတာကြောင့် ပြုပြင်ထိန်းသိမ်းရတာ ပိုပိုပြီးလည်း ခက်ခဲလာပါတယ်။

YRTC ရဲ့ စာရင်းတွေအရ YBS ယာဉ်ပေါင်း ၅,၃၉၉ စီးရှိပေမယ့် အဲဒီထဲက လက်ရှိပုံမှန်ပြေးဆွဲနိုင်တာကတော့ ၃,၄၀၀ စီးဝန်းကျင်ပဲ ရှိတယ်လို့ သိရပါတယ်။ ကျန်တဲ့ယာဉ်တွေထဲမှာလည်း အကြီးစား ၊ အလတ်စားနဲ့ အသေးစား ပြုပြင်မှုတွေ လုပ်ဖို့လိုအပ်နေတဲ့ ကားတွေ ရှိနေပါတယ်။

အထူးသဖြင့် YBS မှာ အသုံးပြုနေတဲ့ Hyundai ဘတ်စ်ကား ၂,၀၀၀ ကျော်ဟာ ၂၀၀၇-၂၀၀၈ ခုနှစ်ဝန်းကျင်က ထုတ်လုပ်ထားတဲ့ ယာဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် Foton၊ Ankai နဲ့ Yutong ဘတ်စ်ကား ၂,၀၀၀ ကျော်ကလည်း ၂၀၁၇-၂၀၁၈ ခုနှစ်ထုတ်တွေဖြစ်တာကြောင့် သက်တမ်းကြာလာတာနဲ့အမျှ အပိုပစ္စည်း ရရှိရေးကလည်း အခက်အခဲတစ်ခု ဖြစ်ပေါ် နေပါတယ်။

ဒါကြောင့် YBS ကားတွေအတွက် ဘတ်စ်ကားအသစ်တွေနဲ့ လိုအပ်တဲ့ အပိုပစ္စည်းတွေ တင်သွင်းပေးဖို့ တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့ရာမှာတော့ ၂၀၂၆ ခုနှစ် မော်တော်ယာဉ်တင်သွင်းရေးမူဝါဒအရ CNG နဲ့ ဒီဇယ်သုံး ဘတ်စ်ကားအသစ်တွေ တင်သွင်းခွင့်မရှိဘဲ EV Bus တွေကိုသာ တင်သွင်းရမယ်လို့ သတ်မှတ်ထားပြီ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်မြို့နဲ့ သင့်တော်မယ့် EV Bus အမျိုးအစားတွေ တင်သွင်းနိုင်ဖို့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပြီး တရုတ်နိုင်ငံက ကားကုမ္ပဏီတစ်ခုကိုလည်း ရွေးချယ်ထားတယ်လို့ သိရပါတယ်။

EV Bus တွေ တကယ်ပြေးဆွဲလာနိုင်ရင်တော့ ယာဉ်ပျက်လို့ ခရီးစဉ်ပျက်တာတွေ၊ ပြုပြင်ထိန်းသိမ်းရတဲ့ အခက်အခဲတွေ လျော့ကျလာပြီး YBS ဝန်ဆောင်မှု ပိုကောင်းလာနိုင်မယ်လို့ မော်တော်ယာဥ် လုပ်ငန်းရှင်တွေဘက်က သုံးသပ်ထားပါတယ်။

#YBS

#ခရီးသည်တင်ယာဉ်

#ရန်ကုန်

#YRTC

#ကားကုမ္ပဏီ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin