၂၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အမေရိကန်နိုင်ငံမှာ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတဲ့ Facebook Meta ကုမ္ပဏီဟာ ပြည်နယ် (၄၇) ခု၊ ဝါရှင်တန်ဒီစီနဲ့ အမေရိကန်ပိုင်နက်အတွင်း ဒေသတွေက တင်သွင်းထားတဲ့ အကြီးဆုံးတရားစွဲမှုကို ဒေါ်လာ (၁၂) ဘီလီယံကျော် ပေးလျော်ပြီး ညှိနှိုင်းသဘောတူလိုက်ပါတယ်။
ဒီအမှုဟာ ကယ်လီဖိုးနီးယား ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ စစ်ဆေးနေတဲ့ Meta ရဲ့ သမိုင်းတစ်လျှောက် အရေးအကြီးဆုံး ဥပဒေရေးရာ စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အစပိုင်းမှာ တရားလိုဘက်က ဒေါ်လာ (၂၀၀) ဘီလီယံခန့် လျော်ကြေးတောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာ ဒေါ်လာ (၁၂) ဘီလီယံကျော်နဲ့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။ Meta ဟာ ၂၀၂၅ ခုနှစ်အတွင်း အမြတ်ငွေ ဒေါ်လာ (၆၀) ဘီလီယံ ရရှိခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
သဘောတူညီချက်အရ Meta ဟာ Facebook နဲ့ Instagram အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ဒီဇိုင်းပိုင်းဆိုင်ရာ ပြောင်းလဲမှုအများအပြား ပြုလုပ်ရမှာဖြစ်ပြီး လူငယ်အသုံးပြုသူတွေအတွက် ကာကွယ်ရေးစနစ်တွေကို ပိုမိုတိုးမြှင့်ရမှာ ဖြစ်ပါတယ်။
ပေးလျော်ငွေတွေကို ပြည်နယ်အစိုးရတွေက တရားစွဲစရိတ် ကျခံဖို့အပြင် ကျောင်းနဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပညာရေးအစီအစဉ်တွေမှာ အသုံးပြုသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် ဖက်ဒရယ်တရားသူကြီး Yvonne Gonzalez Rogers က ဒီသဘောတူညီချက်ကို အတည်ပြုပြီး နှစ်ဖက်စလုံးကို ဂုဏ်ပြုခဲ့ပါတယ်။
Meta ဘက်ကတော့ ဒီသဘောတူညီချက်ဟာ မိဘတွေကို ကူညီပံ့ပိုးပြီး ဆယ်ကျော်သက်တွေကို ကာကွယ်ပေးဖို့ ကုမ္ပဏီက လုပ်ဆောင်နေတဲ့ အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး အပြစ်ရှိကြောင်းကိုတော့ ဝန်မခံခဲ့ပါဘူး။
ဝါရှင်တန်ဒီစီ ရှေ့နေချုပ် Brian Schwalb ကတော့ ဒီသဘောတူညီချက်ဟာ “ပြည်သူ့ကျန်းမာရေးအတွက် သမိုင်းဝင် အောင်ပွဲ” ဖြစ်ပြီး Instagram နဲ့ Facebook ကို လူငယ်တွေ အသုံးပြုပုံကို ချက်ချင်း ပြောင်းလဲစေမယ့် သဘောတူညီချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

