၂၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အမေရိကန်နိုင်ငံ လူဝီဇီယားနား (Louisiana) ပြည်နယ်မှာ ရေကန်တစ်ကန်အတွင်း ရေကူးပြီးနောက် ရှားပါးတဲ့ ဦးနှောက်စား အမီဘာ (Naegleria fowleri) ပိုး ကူးစက်ခံရတယ်လို့ ယူဆရတဲ့ အသက် (၈)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသူဟာ လူဝီဇီယားနားပြည်နယ် မြောက်ပိုင်း Ruston မြို့မှာ နေထိုင်တဲ့ Lillian Smart ဖြစ်ပြီး ဆေးရုံတင်ကုသနေစဉ် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မိသားစုက “Lillian ရဲ့ ဦးနှောက်ထိခိုက်မှုက အရမ်းပြင်းထန်လွန်းတဲ့အတွက် သူ့ခန္ဓာကိုယ်က မခံနိုင်တော့ပါဘူး” လို့ Facebook မှာ ဝမ်းနည်းစွာ ရေးသားထားပါတယ်။
Louisiana ကျန်းမာရေးဌာနက Lillian ဟာ Ruston မြို့အနီး Lake Claiborne ရေကန်မှာ ရေကူးစဉ် Naegleria fowleri ပိုး ကူးစက်ခံရနိုင်ခြေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါပိုးဟာ ပူနွေးတဲ့ ရေချိုရေကန်တွေမှာ တွေ့ရတတ်ပြီး နှာခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ဦးနှောက်ကို တိုက်ခိုက်တဲ့ အလွန်ရှားပါးတဲ့ အမီဘာတစ်မျိုး ဖြစ်ပါတယ်။
ကျန်းမာရေးပညာရှင်တွေအဆိုအရ ဒီပိုးကူးစက်မှုဟာ ၁၉၃၇ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အမေရိကန်တစ်နိုင်ငံလုံးမှာ အတည်ပြုလူနာ (၁၈၀) ဦးသာ ရှိခဲ့ပြီး လူဝီဇီယားနားပြည်နယ်မှာတော့ (၃)ဦးသာ တွေ့ရှိခဲ့ပါတယ်။
ကူးစက်ခံရပြီး အစောပိုင်းမှာ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ အန်ချင်ခြင်းနဲ့ အော့အန်ခြင်းတို့ ဖြစ်တတ်ပြီး ရောဂါအခြေအနေ မြန်မြန်ဆန်ဆန် ဆိုးရွားလာကာ လည်ပင်းတောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်နှစ်ထပ်မြင်ခြင်း၊ ဟာလူစီနေးရှင်း ဖြစ်ခြင်းနဲ့ ဟန်ချက်ပျက်ခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ CDC က သတိပေးထားပါတယ်။
Lillian ဟာ အစပိုင်းမှာ ဖျားနာရာကနေ အမြင်နှစ်ထပ်မြင်လာပြီး အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ကုသမှုခံယူခဲ့ပေမယ့် အသက်မကယ်နိုင်ခဲ့ပါဘူး။
Naegleria fowleri ပိုးကူးစက်မှုဟာ အလွန်ရှားပါးပေမယ့် ရေချိုရေကန်၊ မြစ်၊ ချောင်း စတဲ့ ပူနွေးတဲ့ရေထဲမှာ ရေကူးတဲ့အခါ ဖြစ်ပွားနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက ရာသီဥတုပူနွေးလာမှုကြောင့် ဒီအမီဘာ တွေ့ရှိနိုင်တဲ့ ဒေသတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

