၂၄ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ကမ်ဖဲင်ဖက်ခရိုင်မှာ တရုတ်အမျိုးသမီးတစ်ဦးကို မြန်မာနယ်စပ်ဘက်သို့ ပို့ရန် ပြန်ပေးဆွဲတဲ့ ထိုင်းနိုင်ငံသား ၄ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထိုပြန်ပေးဆွဲခံရတဲ့ တရုတ်အမျိုးသမီးက ဘန်ကောက်ဟိုတည်တစ်ခုမှာ တည်ခိုးနေတာဖြစ်ပြီး စင်ကာပူသို့ ခရီးသွားရန် ထိုင်းနိုင်ငံတွင် ခေတ္တခဏရောက်ရှိလည်ပတ်နေတာလို့ဆိုပါတယ်။
အဆိုပါ အမျိုးသမီးပြောကြားချက်အရ အမျိုးသားတစ်ဦးက အနက်ရောက်ကားတစ်စီးနဲ့ လာခေါ်တာြဖစ်ပြီး အမျိုးသမီးလိုက်ပါသွားချိန် လမ်းမှာ အမျိုးသားသုံးဦးက ကားပေါ်တက်လာခဲ့တယ်လို့ ပြောပါတယ်။ ထိုအချိန်မှာ အမျိုးသမီးက လှည့်စားခံရကြောင်း သိရချိန်မှာ ခုခံရန်ကြိုးစားခဲ့တာကြောင့် အမျိုးသားများက လက်ကို ကေဘယ်ကြိုးဖြင့် တုပ်နှောင်ပြီး ပါးစပ်ကို ထိုးကြိတ်ခဲ့တယ်လို့သိရပါတယ်။
ထိုင်းအမျိုးသား ၄ ဦးက ကမ်ဖန်ဖက်မြို့လယ်ရှိ ရဲကင်းအနီးစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားချိန် ထိုးအမျိုးသမီးက အကူအညီရရန် အော်ဟစ်ခဲ့ပြီး ယာဉ်မောင်းက အရှိန်မြှင့်ကာ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော် မောင်းနှင်ထွက်ပြေးချိန်တွင် အမျိုးသမီးက ကားတံခါးကိုဖွင့်ပြီး ခုန်ဆင်းလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ရဲတပ်ဖွဲ့က အဆိုပါကားကို လိုက်လံဖမ်းဆီးခဲ့ရာ လန်ဒေါက်မိုင်ဒေသအရောက်တွင် ကားတာယာ ပေါက်သွားသဖြင့် သံသယရှိသူများက ကားကိုစွန့်ပစ်ကာ အနီးရှိတောအတွင်းသို့ ထွက်ပြေးစဥ် အသက် ၄၁ နှစ်အရွယ် ဆုမ်ကီယတ်ထာကဲဆိုသူနှင့် အသက် ၂၄ နှစ်အရွယ် ကစ်တီပွန် ဆိုသူ ၂ ဦးကိုဖမ်းဆီးရမိခဲ့ပြီး ၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဆိုပါဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးခံရသူများတွင် လူကုန်ကူးမှု သို့မဟုတ် ပြန်ပေးဆွဲမှုကွန်ရက်တခုနှင့် ဆက်စပ်မှုရှိ/မရှိ စစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်နေသည့် သံသယရှိသူ နှစ်ဦးကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့သိရပါတယ်။

