၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာလေ-ကျိုင်းလပ် ကုန်သွယ်ရေးလမ်းအား သတ်မှတ်ထားသည့် လမ်းအကျယ်၊ ရေမြောင်းအကျယ်အား တိုင်တာသတ်မှတ်ပေးရန် မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲမှာ တောင်းဆိုလိုက်တယ်လို့ သိရှိရပါတယ်။
တာချီလိတ်မြို့နယ်အတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာလေ၊ ကျိုင်းလပ်မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဌာနဆိုင်ရာအရာရှိများနဲ့ တွေ့ဆုံပွဲကို သြဂုတ်လ(၂၃)ရက်နေ့က တာလေမြို့ ဘုန်းတော်ကြီးကျောင်းခန်းမမှာ ကျင်းပခဲ့ရာ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးစိုင်းရီက တင်ပြခဲ့တာဖြစ်ပါတယ်။
နောင်တချိန် ကျေးရွာအတွင်းနေထိုင်သူ လူဦ၊ လူနေအိမ်နှင့် အသုံးပြုနေတဲ့ မော်တော်ယာဉ်များ များပြားလာသည့်အခါ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လမ်းအကျယ်နှင့် ရေမြောင်းအကျယ် တိတိကျကျသတ်မှတ်ပြီး အမှတ်အသားပြုတိုင်းတာပေးရန် တင်ပြတောင်းဆိုတာဖြစ်တယ်လို့ သိရှိရပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ တောင်းဆိုချက်ကို တာချီလိတ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရအောင်က နိုင်ငံတော်က သတ်မှတ်ပြဌာန်းထားတဲ့ အတိုင်း သတ်မှတ်ချက်ရှိရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်/ကျေးရွာအတွင်း လိုအပ်ချက်တွေဖြစ်တဲ့ သောက်သုံးရေသွယ်ယူရန် ရေပိုက်များတောင်းခံခြင်း၊ လမ်းမတစ်လျှောက် ရေနှုတ်မြောင်းများ တူးဖေါ်ရန်ကိစ္စများ၊ လမ်းပခုံးသားများ ပြုပြန်ရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုများအား တားဆီးပေးရန် တင်ပြဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံ အဝေးပြေးလမ်းဥပဒေ/နည်းဥပဒေများအရ အာရှအဝေးပြေးလမ်း (Asian Highway / AH) နှင့် ပြည်ထောင်စုလမ်းမကြီးများမှာ နှစ်လမ်းသွားလမ်းမ အကျယ်မှာ (၂၄)ပေရှိရမှာဖြစ်ပြီး လမ်းပခုံးသားမှာ အကျယ်မှာ အနည်းဆုံဂ(၅)ပေမှာ (၈)ပေအထိ ရှိရမှာဖြစ်ပါတယ်။
လမ်းနယ်နိမိတ်အဖြစ် နှစ်လမ်းသွား လမ်းလယ်မှ ဘေးတစ်ဖက်တစ်ချကို ပေ(၅၀)အထိ သတ်မှတ်တာဖြစ်ပြိး လမ်းဘေးရေမြောင်းရဲ့ ကျယ်မှာ (၄)ပေ၊ အနက်(၃)ပေခွဲရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

