ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ကျိုင်းတုံမြို့နေရာအချို့ မှာယာဉ်ရပ်နားခြင်းမပြုကြရန် သတင်းထုတ်ပြန်ထားပါတယ်။
ယာဉ်ရပ်နားခြင်းမပြုရသည့် နေရာများမှာ ကျိုင်းတုံမြို့ လေယာဉ်ကွင်းအဝိုင်းမှ ကျောက်တိုင်အဝိုင်းအထိ လေယာဉ်ကွင်းလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် ယာဉ်ရပ်နားခြင်းမပြုကြရန် ကျိုင်းတုံတက္ကသိုလ်ရှေ့မှ ဂေါက်ကွင်းအဝိုင်းအထိ ယာဉ်ရပ်နားခွင့်မပြုရန် အမှတ်(၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းအရှေ့)က သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ တောင်ကြီး-တာချီလိတ်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် ယာဉ်ရပ်နားခြင်းမပြုကြရန်နှင့် တစ်လမ်းမောင်းများတွင် လက်ယာဘက်ယာဉ်ကြောတစ်ခုတည်းတွင်သာ လမ်းဘေးကပ်ပြီး ယာဉ်ရပ်နားခြင်းဆောင်ရွက်ကြရန်အတွက်လည်း အသိပေးနှိုးဆော်ထားပါတယ်။
ထုတ်ပြန်ထားတဲ့ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ မော်တော်ယာဉ်များကိုလည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပါက ပို့ကုန်သွင်းကုန်ဥပဒေ (လိုင်စင်မဲ့)ဖြင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
