Language:

လာအိုမှာ မြေရှားသတ္တုမိုင်း ရေလှောင်ကန်ပေါက်ပြီး ချောင်းအတွင်း ငါးသေများနှင့် နွားသေ ၂ ကောင် တွေ့ရှိ


လာအိုမှာ မြေရှားသတ္တုမိုင်း ရေလှောင်ကန်ပေါက်ပြီး ချောင်းအတွင်း ငါးသေများနှင့် နွားသေ ၂ ကောင် တွေ့ရှိ

၁၅ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

လာအိုနိုင်ငံ ဟွာဖန်ပြည်နယ်၊ ဆမ်နွားမြို့နယ်မှာရှိတဲ့ တရုတ်ကုမ္ပဏီပိုင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းက ရေလှောင်ကန်ပေါက်ပြီး ဝိန်းချောင်းအတွင်းက ငါးအသေတွေနဲ့ ချောင်းကမ်းဘေးမှာ နွား ၂ ကောင် သေဆုံးနေတာတွေ့ရှိခဲ့ရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာ ဘန်နာတန်ကျေးရွာအနီး ဝိန်းမြစ်ကမ်းဘေးမှာ နွား ၂ ကောင် သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်ကစလို့ မြစ်အတွင်း ငါးသေများလည်း နေ့စဉ်တွေ့ရှိနေရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဝိန်းချောင်းဟာ ဒေသတွင်းက ကျေးရွာအများအပြားအတွက် သောက်သုံးရေနဲ့ နေ့စဉ်အသုံးပြုရေ အဓိကရင်းမြစ်ဖြစ်တာကြောင့် ရေညစ်ညမ်းမှုရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

အဆိုပါမြစ်အတွင်း ရေစီးဝင်ခဲ့တာဟာ နိုဝင်ဘာ ၂ ရက်က လာအို-တရုတ် မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီရဲ့ ရေလှောင်ကန်ပေါက်ခဲ့တာကြောင့်ဖြစ်ပြီး ရေကုဗမီတာ ၁,၀၀၀ ခန့် ချောင်းအတွင်း စီးဝင်ခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကတော့ ရေလှောင်ကန်အတွင်းရှိရေဟာ မြစ်ထဲကနေ စုပ်ယူသိုလှောင်ထားတဲ့ သဘာဝရေဖြစ်ပြီး ဓာတုပစ္စည်းညစ်ညမ်းမှု မရှိဘူးလို့ ပြောဆိုထားပါတယ်။ ပြည်နယ်အာဏာပိုင်တွေကလည်း ရေနမူနာစစ်ဆေးချက်အရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကလည်း အဆိုပါကုမ္ပဏီရဲ့ ရေလှောင်ကန်နဲ့ ဆက်စပ်ပြီး မြစ်အတွင်း ငါးအများအပြား သေဆုံးခဲ့ဖူးတာကြောင့် ယခုဖြစ်စဉ်အပေါ် ဒေသခံတွေက ပိုမိုစိုးရိမ်နေကြတာဖြစ်ပါတယ်။

#ရှားပါးမြေသတ္တုမိုင်း

#ရေညစ်ညမ်းမှု

#ဝိန်းမြစ်

#ဆမ်နွားမြို့

#လာအိုနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin