Language:

တက်ပြည်နယ်တွင် ချုပ်နှောင်ခံထားရသည့် တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်


တက်ပြည်နယ်တွင် ချုပ်နှောင်ခံထားရသည့် တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်

၃၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

IM

ထိုင်းနိုင်ငံ တက်ပြည်နယ်မှာ ချုပ်နှောင်ခံထားရတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်စဉ်နဲ့ဆက်စပ်တဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

အောက်တိုဘာ ၂၉ ရက် ည ၁ နာရီခန့်မှာ တက်ပြည်နယ်၊ မဲသိုစစ်ဆေးရေးဂိတ်အနီး အမှတ် ၁၁၀၈ အဝေးပြေးလမ်းမပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ မီးခိုးရောင် တိုယိုတာကားတစ်စီးကို ရဲတပ်ဖွဲ့က သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီကားဟာ စစ်ဆေးရေးဂိတ်ကို မရောက်ခင် ရွာလမ်းတစ်ခုထဲကို ရုတ်တရက် ချိုးကွေ့ဝင်သွားတာကြောင့် ရဲတပ်ဖွဲ့က ဆက်သွယ်ညှိနှိုင်းပြီး တားဆီး စစ်ဆေးခဲ့ပါတယ်။

ကားကို စစ်ဆေးတဲ့အခါမှာတော့ အတွင်းမှာရှိနေတဲ့ အမျိုးသား ၃ ဦးဟာ မျက်လုံးတွေကို အဝါရောင်တိပ်နဲ့ ပိတ်ထားခံရသလို လက်ထိပ်ခတ်ပြီး ကြိုးတွေနဲ့လည်း ချည်နှောင်ခံထားရတာကို တွေ့ရှိခဲ့ပါတယ်။

ကယ်ဆယ်နိုင်ခဲ့သူတွေဟာ အသက် ၂၈ နှစ်၊ ၂၉ နှစ်နဲ့ ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့သုံးဦးစလုံးမှာ တရုတ်နိုင်ငံကူးလက်မှတ်တွေ ရှိပြီး ထိုင်းနိုင်ငံအတွင်းကို တရားဝင် ဝင်ရောက်လာခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ရဲ့ ပြောပြချက်အရ ထိုင်းနိုင်ငံသားတွေက ခြိမ်းခြောက်ပြီး အတင်းအကျပ် ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကားမောင်းသူ အသက် ၃၃ နှစ်အရွယ် ဝပ်ချာရာ အပါအဝင် အသက် ၂၂ နှစ်အရွယ် ဝရာချစ်နဲ့ ဆိုရာဝစ်၊ အသက် ၁၈ နှစ်အရွယ် ဖိဆာနူတို့ကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ၄ ဦးစလုံးကို လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို တရားမဝင် ကန့်သတ်ချုပ်နှောင်မှုနဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးစဉ်မှာ စွဲချက်တွေကို ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ကားအတွင်းကနေ လက်ထိပ် ၂ စုံ၊ တိပ် ၂ လိပ်၊ နိုင်လွန်ကြိုးနဲ့ လျှပ်စစ်ရှော့တိုက်ကိရိယာ ၂ ခုကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

ကားမောင်းသူ ဝပ်ချာရာရဲ့ ထွက်ဆိုချက်အရ အမည်မသိ အမျိုးသားတစ်ဦးက တရုတ်နိုင်ငံသား ၃ ဦးကို သွားရောက်ခေါ်ယူဖို့ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်ကို တက်ပြည်နယ်၊ ဝမ်ချောင်ခရိုင်ကနေ စတင်ပြီး မဲဆောက်မြို့ဘက်ကို ပို့ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် လူတစ်ဦးကို ဘတ် ၃,၀၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် ၉,၀၀၀ ပေးမယ်လို့ ကတိပြုထားပြီး သုံးဦးစလုံးကို ပို့ဆောင်ပြီးမှ ငွေပေးချေမယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းချက်အရ ကယ်ဆယ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို မဲဆောက်မြို့ကတစ်ဆင့် မြန်မာနိုင်ငံဘက်မှာ တရုတ်နိုင်ငံသားတွေ လည်ပတ်နေတဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတစ်ခုဆီ ပို့ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

ဒီဖြစ်စဉ်ဟာ အလားတူ ပြန်ပေးဆွဲပို့ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်တစ်ခုနဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်ကလည်း တရုတ်အမျိုးသမီးတစ်ဦးကို ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုကနေ ပြန်ပေးဆွဲပြီး မဲဆောက်မြို့ဘက် ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ လက်တွေကို ကေဘယ်ကြိုးနဲ့ ချည်နှောင်ခံထားရတဲ့ကြားက ကားပေါ်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖြစ်စဉ်နဲ့ဆက်စပ်တဲ့ ထိုင်းနိုင်ငံသား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရက်မှာတော့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးစင်တာ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒုတိယရဲချုပ် ပိုလစ်ဂျင်နရယ် သက်ချိုင်းဟာ မဲသိုစစ်ဆေးရေးဂိတ်ကို ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပါတယ်။

သူက ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ လူကုန်ကူးကွန်ရက်တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အထူးသဖြင့် နောက်ကွယ်က စီစဉ်သူတွေနဲ့ နယ်စပ်တစ်ဖက်မှာရှိတဲ့ တရုတ်နိုင်ငံသား လုပ်ငန်းလည်ပတ်သူတွေကိုပါ ဖော်ထုတ်နိုင်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းဒေသကြီး ၆ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ မှုခင်းဆေးပညာဌာနတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။

ကယ်ဆယ်ထားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကိုလည်း လူကုန်ကူးမှုရဲ့ သားကောင်တွေ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလွှဲပြောင်းရေးယန္တရား (National Referral Mechanism) ထံ လွှဲပြောင်းထားတယ်လို့ သိရပါတယ်။

#လူကုန်ကူး

#လူဝင်မှုကြီးကြပ်ရေး

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin