Language:

အမေရိကန်က နိုဝင်ဘာရွေးကောက်ပွဲအပြီး အီရန်ကို ထပ်မံတိုက်ခိုက်နိုင်ကြောင်း မဟာမိတ်တွေကို သတိပေး


အမေရိကန်က နိုဝင်ဘာရွေးကောက်ပွဲအပြီး အီရန်ကို ထပ်မံတိုက်ခိုက်နိုင်ကြောင်း မဟာမိတ်တွေကို သတိပေး

၃၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

IM

အမေရိကန်နိုင်ငံဟာ လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအပြီး အီရန်နိုင်ငံကို စစ်ရေးအရ ထပ်မံတိုက်ခိုက်လာနိုင်ကြောင်း အရှေ့အလယ်ပိုင်းဒေသက မဟာမိတ်နိုင်ငံတွေကို သတိပေးထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ စစ်ဆင်ရေးအသစ်တစ်ခု ဆင်နွှဲဖို့ ဆုံးဖြတ်ချက်ချထားတာတော့ မရှိသေးပါဘူး။

ဒီအကြောင်းကို သိရှိထားတဲ့ သံတမန်နှစ်ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့တာဖြစ်ပြီး သူတို့ရဲ့ အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အမေရိကန်ဘက်က သတိပေးရာမှာ စစ်ဆင်ရေးအသစ်ဟာ ရက်အနည်းငယ်ကြာမြင့်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် အီရန်ဘက်က လက်တုံ့ပြန်လာမယ်ဆိုရင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

အမေရိကန်အိမ်ဖြူတော်နဲ့ အစိုးရတာဝန်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

အလားတူ ဝေါစထရိဂျာနယ်ကလည်း အောက်တိုဘာ ၂၇ ရက်နေ့မှာ အမေရိကန်ဟာ ပင်လယ်ကွေ့ဒေသနိုင်ငံတွေကို စစ်ရေးတိုက်ခိုက်မှုအသစ် ဖြစ်လာနိုင်ကြောင်း သတိပေးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးဟာ အချိန်တိုတောင်းပေမဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အရှေ့အလယ်ပိုင်းဒေသဆီ ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။

သမ္မတထရန့်ကလည်း ရွေးကောက်ပွဲပြီးနောက် အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုအသစ်တစ်ခု ပြုလုပ်ဖို့ စဉ်းစားနေကြောင်း အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲဟာ လက်ရှိမှာ ၈ လဝန်းကျင် ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်ဟာ စက်တင်ဘာလအစောပိုင်းနောက်ပိုင်း အီရန်ကို ထပ်မံတိုက်ခိုက်တာ မရှိသေးပါဘူး။

ထရန့်ကတော့ အရင်ဖေဖော်ဝါရီလမှာ ဆင်နွှဲခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုထက် ပိုမိုသေးငယ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်နိုင်ကြောင်း ပြောဆိုထားပါတယ်။

ဒီအခြေအနေမှာ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေဟာ အီရန်နဲ့ အီရန်ရဲ့ မဟာမိတ်အဖွဲ့တွေဘက်က လက်တုံ့ပြန်လာနိုင်ခြေကို စောင့်ကြည့်နေကြပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ် အာရာချီကတော့ ဗုဒ္ဓဟူးနေ့မှာ လူမှုကွန်ရက်ကနေတစ်ဆင့် အီရန်အနေနဲ့ သံတမန်ရေးနည်းလမ်းနဲ့ ပြဿနာဖြေရှင်းနိုင်ဖို့ အခွင့်အရေးပေးနေဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း အီရန်ရဲ့ အမျိုးသားလုံခြုံရေးအကြီးအကဲထံ စာတစ်စောင် ပေးပို့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက ကြားခံအဖွဲ့တွေကတစ်ဆင့် အမေရိကန်ဆီ တင်ပြခဲ့တဲ့ အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေတယ်လို့ အာရာချီက ပြောဆိုခဲ့ပေမဲ့ အဲဒီအဆိုပြုချက်ကိုတော့ သမ္မတထရန့်က ပယ်ချထားပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နှစ်ဖက်စလုံးအနေနဲ့ သတိကြီးကြီးထားပြီး နိုင်ငံရေးနည်းလမ်းနဲ့ ပြဿနာဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။

အခြားတစ်ဖက်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတ်ဟက်ဆက်ဟာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ စစ်ရေးစီမံကိန်းရေးဆွဲရေးမှူးကို ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

သမ္မတထရန့်ကတော့ စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဆုံးဖြတ်ချက်တစ်ခု ပေါ်ထွက်လာနိုင်ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမဲ့ အမေရိကန်စစ်တပ်အနေနဲ့ ရွေးကောက်ပွဲပြီးပြီးချင်း အီရန်ကို ချက်ချင်းတိုက်ခိုက်နိုင်ဖို့ အသင့်ဖြစ်နေပြီလားဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။

#အမေရိကန်

#အာရပ်စော်ဘွား

#ရွေးကောက်ပွဲ

ဆက်စပ်သတင်းများ

Eastern Thanlwin