၂၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးဟာ အချိန်ဖြုန်းတာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး အီရန်ဘက်ကလည်း အမေရိကန်ဟာ ဆွေးနွေးပွဲတွေမှာ တကယ်တမ်း စိတ်မပါဘူးလို့ စွပ်စွဲလိုက်ပါတယ်။ နှစ်ဖက်အကြား တင်းမာမှုတွေ ဆက်ရှိနေတဲ့အတွက် စစ်ပွဲရပ်စဲရေး မျှော်လင့်ချက်တွေ မှေးမှိန်လာနေပါတယ်။
ထရမ့်က မစ္စစ္စပီပြည်နယ် ကော်ရင့်မြို့မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲအတွင်း အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နဲ့ တူရကီတို့က အီရန်နဲ့ တွေ့ဆုံပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ အီရန်ဘက်ကတော့ နျူကလီးယားအစီအစဉ်ကို ဆွေးနွေးပွဲမှာ ထည့်သွင်းဖို့ လက်မခံကြောင်း ပြောထားပါတယ်။
စစ်ရေးအရလည်း ဒေသတွင်း တင်းမာမှုတွေ ဆက်ရှိနေပါတယ်။ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ယီမင်မှ ဟူသီအဖွဲ့ ပစ်လွှတ်တဲ့ ဒုံးကျည် ၃ စင်းနဲ့ ဒရုန်း ၄ စင်းကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အီဂျစ်ပါလီမန်ကလည်း ဆော်ဒီအာရေဗျကို စစ်ရေးအရ ထောက်ပံ့ဖို့ အတည်ပြုထားပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ရွေးကောက်ပွဲအပြီး အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြန်လည်ဖြစ်ပွားနိုင်တဲ့အပေါ် အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ CNN ရဲ့ ဖော်ပြချက်အရ နေတန်ယာဟုက အီရန်ကို ပူးတွဲတိုက်ခိုက်ဖို့ ထရမ့်ကို စည်းရုံးခဲ့တယ်ဆိုတဲ့ သတင်းကို နေတန်ယာဟုရုံးက ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ဟစ်ဇဘိုလာအဖွဲ့ကလည်း အစ္စရေးနဲ့ စစ်ပွဲပြန်ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ပင်လယ်ကွေ့ဒေသမှာ ရေနံယိုဖိတ်မှုနဲ့ ရေနံဈေးမြင့်တက်မှုတွေကလည်း ဒေသတွင်း စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုတွေကို ပိုမိုမြင့်တက်စေပါတယ်။

