၂၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)။
IM
အိန္ဒိယနိုင်ငံ အာသံ၊ မီဇိုရမ်နဲ့ မဏိပူရ ပြည်နယ်များရှိ နေရာ ၃၈ ခုက နိုင်ငံတကာ မူးယစ်ဂိုဏ်းကို အောက်တိုဘာ ၂၃ ရက်က တစ်ပြိုင်နက် ဝင်ရောက် စစ်ဆေးဖြိုခွဲလိုက်ပြီး လူ ၁၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး အမစ် ရှားက အောက်တိုဘာ ၂၅ ရက်က ကြေညာလိုက်ပါတယ်။
စစ်ဆင်ရေးကို “ထရိုင်ဒင့်” ဟု အမည်ပေးထားကာ ဘဏ်အကောင့် ၁,၄၂၄ ခုကို သိမ်းဆည်းထားပြီး ဟာဝါလာ ငွေလွှဲမှု ရူပီး ကုဋေ ၁၀၀ ကို ဖော်ထုတ်တွေ့ရှိခဲ့ကာ ဟာဝါလာဆိုသည်မှာ ဘဏ်စနစ်ကို မသုံးဘဲ ငွေလွှဲသော နည်းလမ်း ဖြစ်တဘ်လို့ ဆိုပါတယ်။
ရူပီး ၁၇.၈၂ ကုဋေတန် ပိုင်ဆိုင်မှုများကိုသိမ်းဆည်းခဲ့ကာ ဖောက်ခွဲရေး ပစ္စည်း ၅၀၀ ၊ ငွေသား ရူပီး ၁၂ သိန်းကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ဗဟိုအေဂျင်စီများနှင့် ပြည်နယ် ၃ ခု၏ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
ဂိုဏ်းက အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များကို ဖြတ်၍ မူးယစ်ဆေးများ သယ်ယူခဲ့ကာ ဤလမ်းကြောင်းကို “သေမင်း တြိဂံ လမ်းကြောင်း” ဟု ခေါ်ဆိုခဲ့ပြီး ရွှေတြိဂံဒေသသည် အိန္ဒိယ အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်သော မက်သာဖက်တမင်း၏ အဓိက အရင်းအမြစ်ဖြစ်တယ်လို့ မူးယစ်တားဆီးရေး ဗျူရို၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။
မီဇိုရမ်မှာ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေး၏ ၄၂ ရာခိုင်နှုန်းခန့် ရှိပြီး မဏိပူနဲ့ ဒေလီတို့က နောက်မှ လိုက်တယ်လို့ ဆိုထားပြီး အောက်တိုဘာ ၁၃ ရက်က ဘင်မ်စတက် နိုင်ငံများ၏ ပြည်ထဲရေး ဝန်ကြီးများ အစည်းအဝေးမှာ ရှားက ရွှေတြိဂံ ဟူသော အမည်ကို ပယ်ချခဲ့တာပါ။
ထိုအမည်က မူးယစ်ဆေး၏ ဆိုးကျိုးများကို ဖုံးကွယ်ထားသည်ဟု သူက ဆိုထားပြီး မြန်မာသည် ကမ္ဘာတွင် တရားမဝင် ဘိန်းအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်လာသည်ဟု ဆိုကာ တာလီဘန်က ဘိန်းစိုက်ပျိုးမှုကို ၂၀၂၂ ခုနှစ်တွင် တားမြစ်ပြီးနောက် အာဖဂန်နစ္စတန်ကို ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယက အိန္ဒိယ-မြန်မာ နယ်စပ်တွင် ခြံစည်းရိုးကို စတင်ကာရံထားပြီး မူးယစ်ကွန်ရက်အားလုံးကို ၂၀၂၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အပြီးတိုင် ဖယ်ရှားရန် အစိုးရက ရည်မှန်းထားပြီး ရှားက ကာတယ်များ၏ ကွန်ရက်များ ပြိုလဲသည်အထိ လိုက်လံ နှိမ်နင်းမည်ဟု ပြောကြားခဲ့ပါတယ်။

