၁၉ အောက်တိုဘာ၂၀၂၆ (Eastern ThanLwin)
IM
ပြင်သစ်နိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အများပြည်သူဝန်ဆောင်မှု ကျဆင်းမှုတွေကို ဆန့်ကျင်ဆန္ဒပြရာကနေ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂,၄၀၀ ကို ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။
ဆန္ဒပြပွဲတွေမှာ လူ ၅ သိန်းခွဲကျော် ပါဝင်ခဲ့ပြီး စီစဉ်သူတွေကတော့ လူ ၈ သိန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အလုပ်သမားသမဂ္ဂတွေ၊ အဝါရောင်အင်္ကျီလှုပ်ရှားသူတွေနဲ့ တောင်သူတွေပါ ပူးပေါင်းပါဝင်လာခဲ့တာဖြစ်ပါတယ်။
ပြးခဲ့တဲ့ စနေနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လီမို့ချ်မြို့တော်ခန်းမ မီးလောင်ခဲ့ကာ မာဆေးနဲ့ လီယွန်မြို့တွေမှာလည်း အဆောက်အအုံတွေ ဖျက်ဆီးခံခဲ့ရပါတယ်။
Carrefour ကုမ္ပဏီရဲ့ ဆိုင် ၅၀ ပျက်စီးခဲ့ပြီး ၂၀ ဆိုင် လုယက်ခံခဲ့ရကာ ဆုံးရှုံးမှုတန်ဖိုးဟာ ယူရိုသန်းချီရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး လော်ရန် နူနက်ဇ်ရဲ့ ထုတ်ပြန်ချက်အရ အရာရှိတစ်ထောင်နီးပါးလည်း ဒဏ်ရာရခဲ့ကာ ပဲရစ်မြို့မှာ ဆန္ဒပြသူတစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က တနင်္ဂနွေနေ့မှာလည်း ပဲရစ်နဲ့ မာဆေးမြို့တို့မှာ ထပ်မံအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ရပါတယ်။
သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ အကြမ်းဖက်မှုကို ဘယ်လိုအကြောင်းပြချက်နဲ့မှ လက်ခံနိုင်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပြီး တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေဟာ တရားဝင်မှုရှိကြောင်း အသိအမှတ်ပြုခဲ့ပြီး လိုအပ်လာရင် ဆန္ဒပြပွဲတွေကို ပိတ်ပင်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဝန်ကြီးချုပ် လီကော်နူးကလည်း အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး အစိုးရက ထိခိုက်ပျက်စီးခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးဖို့ စီစဉ်နေကာ ပျက်စီးမှုတွေဖြစ်စေခဲ့သူတွေကိုလည်း လျော်ကြေးပေးစေမယ်လို့ ပြောထားပါတယ်။
အခုအခါ မြို့ကြီးတွေမှာ သန့်ရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်ပေမဲ့ အစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် နိုင်ငံရေးအတိုက်အခံတွေက ဝေဖန်နေကြပါတယ်။

