နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပညာသင်ဆုတွေရရှိအောင် ဆောင်ရွက်နေ


နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပညာသင်ဆုတွေရရှိအောင် ဆောင်ရွက်နေ

၂၀ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)

NPW

ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းက တက္ကသိုလ်တွေကို နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပညာသင်ဆုတွေ ပိုရအောင် ဆောင်ရွက်ပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၉ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ထားဝယ်မြို့နယ် မဲဆန္ဒနယ်က ဒေါက်တာ ကျော်ကျော်ဌေးရဲ့ ပြည်တွင်းတက္ကသိုလ်တွေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေ ချိတ်ဆက်ပြီး ပညာသင်ဆုတွေ ပိုမိုရရှိအောင် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ/ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ ပြည်တွင်းတက္ကသိုလ်တွေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေ ချိတ်ဆက်ပြီး နိုင်ငံတကာအဆင့်မီပညာသင်ကြားနိုင်ဖို့ ပညာသင် ဆုတွေရရှိရေး နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေပါတယ်။ ” လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာသင်ဆုအတွက် ရုရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန် နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး စေလွှတ်ပေးနေသလို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ MoU ၁၂၅ ခု၊ MoA ၄ ခု ရေးထိုးပြီး ကျောင်းသားကျောင်းသူတွေကို ပညာတော်သင်စေလွှတ်ပေးနေတယ်လို့ ဆိုပါတယ်။

“ နေပြည်တော်ရှိ State Academy မှာလည်း နိုင်ငံတကာအဆင့်မီ ပညာရပ်တွေ သင်ကြားနိုင်ဖို့ ရုရှားရဲ့ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း Rosatom က ပေးမယ့် ပါရဂူပညာသင်ဆု အပါအဝင် တရုတ်၊ ကိုရီးယားနိုင်ငံတွေက ပေးတဲ့ ပါရဂူဘွဲ့၊ မဟာဘွဲ့အတွက်လည်း ပညာသင်တွေ စေလွှတ်ပေးနေပါတယ်။ ” လို့ ဦးဝင်းမောင်သိန်းက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်းမှာလည်း ဆရာအတတ်သင်ပညာရေးဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်တွေနဲ့ အင်ဒိုနီးရှားနိုင်ငံက တက္ကသိုလ်နှစ်ခုနဲ့ ပူးပေါင်းနိုင်ရေးကိုလည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ပြည်ပနိုင်ငံတွေကို လေ့လာရေးခရီးစဉ်တွေ၊ အားကစားပြိုင်ပွဲတွေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအသိပညာပေးလေ့လာရေးခရီးစဉ်တွေနဲ့ အခြားသင်တန်းတွေအတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၃၃ ဦး စေလွှတ်ခဲ့သလို ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ပြည်ပနိုင်ငံတွေကို သင်တန်းသား ၂၅၁ ဦးစေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်ပနိုင်ငံတွေမှာ ပါရဂူဘွဲ့တက်ဖို့ စေလွှတ်ထားတဲ့ သင်တန်းသား ၃၂ ဦး၊ မဟာဘွဲ့တက်ရောက်ဖို့ စေလွှတ်ထားတဲ့ သင်တန်းသား ၃ ဦးရှိပြီး နိုင်ငံပေါင်း ၉ နိုင်ငံကို ပညာတော်သင် သင်တန်းသား စုစုပေါင်း ၆၉ ဦး စေလွှတ်ထားတယ်လို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။

#နိုင်ငံတကာတက္ကသိုလ်

#ပညာရေး

#ပညာသင်ဆု

#ပညာရေးဒုဝန်ကြီး

ဆက်စပ်သတင်းများ

Eastern Thanlwin