ထိုင်းက သန့်ရှင်းစွမ်းအင် ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ထံမှ ဒေါ်လာ သန်း ၂၀၀ ရရှိ


ထိုင်းက သန့်ရှင်းစွမ်းအင် ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ထံမှ ဒေါ်လာ သန်း ၂၀၀ ရရှိ

၂၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံဟာ သန့်ရှင်းစွမ်းအင် ဖွံ့ဖြိုးရေးနဲ့ ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ မြို့တွေ တည်ဆောက်ရေးအတွက် ကမ္ဘာ့ဘဏ်ထံက အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ ထိုင်းဘတ် ၆.၇ ဘီလီယံခန့် ရရှိခဲ့တယ်လို့ အစိုးရက အောက်တိုဘာ ၁၈ ရက်မှာ ကြေညာပါတယ်။

ဒီရန်ပုံငွေကို ကျောင်းတွေ၊ ဆေးရုံတွေ၊ အစိုးရရုံးတွေနဲ့ လမ်းမီးတွေမှာ ဆိုလာစွမ်းအင်စနစ်တွေ တပ်ဆင်ဖို့အပြင် စက်မှုဇုန်တွေရဲ့ စွမ်းအင်အသုံးပြုမှု ပိုမိုထိရောက်လာစေရေးအတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး အက်နီတီဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးအတွင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အဂျေး ဘန်ဂါနဲ့ တွေ့ဆုံခဲ့ပြီး စွမ်းအင်လုံခြုံရေးနဲ့ ကာဗွန်ဈေးကွက် ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးခဲ့တာပါ။

ရန်ပုံငွေကို ထိုင်းပို့ကုန်သွင်းကုန်ဘဏ်ကတစ်ဆင့် ထုတ်ချေးသွားမှာဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက အာမခံပေးမယ်လို့ သိရပါတယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ စွမ်းအင်စနစ်တွေ အဆင့်မြှင့်တင်ရာမှာ ကနဦးကုန်ကျစရိတ်ကို လျှော့ချပြီး ရေရှည်မှာ လျှပ်စစ်အသုံးစရိတ် သက်သာလာစေဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရဟာ ကာဗွန်နည်းစီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ဘတ်သန်း ၂၀ သုံးစွဲဖို့လည်း စီစဉ်ထားပြီး ရယောင်ပြည်နယ်မှာ ကာဗွန်လုပ်ငန်းဆိုင်ရာ စမ်းသပ်စီမံကိန်းတစ်ခု ဖော်ဆောင်ကာ ကာဗွန်ခရက်ဒစ် ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းလမ်းတွေကို လေ့လာသွားမှာ ဖြစ်ပြီး ဒီလုပ်ငန်းတွေမှာ ထိုင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ PTT ကုမ္ပဏီလည်း ပါဝင်မယ်လို့ သိရပါတယ်။

ထိုင်းအစိုးရရဲ့ အဆိုအရ ဒီအစီအစဉ်တွေဟာ စွမ်းအင်ကုန်ကျစရိတ် လျှော့ချရေး၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် အထောက်အပံ့ပေးရေးနဲ့ သန့်ရှင်းစွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်လာစေရေးတို့ကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

#စွမ်းအင်

#သန့်ရှင်းစွမ်းအင်

#PTT

#ထိုင်းအစိုးရ

ဆက်စပ်သတင်းများ

Eastern Thanlwin