ငါန်းဇွန်၊ ကျောက်မဲနဲ့ သီပေါတို့က လွဲပြီး ကျန် ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းတိုး


ငါန်းဇွန်၊ ကျောက်မဲနဲ့ သီပေါတို့က လွဲပြီး ကျန် ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းတိုး

၁၉ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)

NPW

စစ်အုပ်ချုပ်ရေးကို ရက်ပေါင်း ၉၀ ဆက်လက်အတည်ပြုတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အောက်တိုဘာ ၁၈ ရက်ကစပြီး အတည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ မြို့နယ်တွေအနက် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥ ပဒေစိုးမိုးရေးလုပ်ငန်းတွေ မူလအခြေအနေကို ပြန်လည်ရောက်ရှိခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်နဲ့ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်တို့က လွဲပြီး ကျန်မြို့နယ်တွေကို နောက်ထပ် ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး ဆက်လက်ကျင့်သုံးမှာဖြစ်ပါတယ်။

အခုလို စစ်အုပ်ချုပ်ရေးဆက်လက်ကျင့်သုံးဖို့ကို အောက်တိုဘာ ၁၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

သမ္မတက စစ်အုပ်ချုပ်ရေးဆက်လက်ကျင့်သုံးမယ့် မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းကြောင်းလည်း သမ္မတရုံးက ထုတ်ပြန်လိုက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်အုပ်ချုပ်ရေး ဆက်လက်ကျင့်သုံးတဲ့ နေရာတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်တွေကို ကိုယ်တိုင် သို့မဟုတ် သင့်တော်တဲ့ စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို တာဝန်ပေးပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးဆက်လက်သက်တမ်းတိုးတဲ့ မြို့နယ် ၅၅ မြို့နယ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က မြို့နယ်တွေ ပါဝင်ပါတယ်။

မြို့နယ်ပေါင်း ၆၀ မှာ အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးကျင့်သုံးတဲ့အမိန့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၁ ရက် ပြည်ထောင်စုလွှတ်တော်အတည်ပြုချက်နဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေကလွဲပြီး ကျန် ၅၈ မြို့နယ်၊ ယခု မြို့နယ် ၅၅ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ဆက်လက်ကျင့်သုံးမယ့် အမိန့်တွေကို အဆင့်ဆင့်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

#ငါန်းဇွန်၊ကျောက်မဲ

#သီပေါ

#စစ်အုပ်ချုပ်ရေး

ဆက်စပ်သတင်းများ

Eastern Thanlwin