Language:

နှစ်နိုင်ငံ မြစ်အရည်အသွေးသတ်မှတ်ချက် မတူညီတဲ့အတွက် ထိုင်းဘက်မှာသာ အဆိပ်ပါဝင်နေ


နှစ်နိုင်ငံ မြစ်အရည်အသွေးသတ်မှတ်ချက် မတူညီတဲ့အတွက် ထိုင်းဘက်မှာသာ အဆိပ်ပါဝင်နေ

၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်ဆိုင်ချောင်းနဲ့ ခေါင်မြစ်တို့၏ ရေအရည်အသွေး စစ်ဆေးမှုများတွင် ထိုင်းနိုင်ငံဘက်၌ အာဆင်းနစ်အပါအဝင် သတ္တုအကြွင်းအကျန်များ သတ်မှတ်စံနှုန်းထက် ကျော်လွန်မှုများ တွေ့ရှိထားသော်လည်း မြန်မာနိုင်ငံဘက်တွင် လက်ရှိစစ်ဆေးထားသည့် ရေနမူနာများအရ မြန်မာနိုင်ငံရဲ့ သတ်မှတ်စံနှုန်းအတွင်း ရှိနေသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ ပြောကြားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံဘက်တွင် တာချီလိတ်ဒေသရှိ မယ်ဆိုင်ချောင်းနှင့် မဲခေါင်မြစ်အပါအဝင် မြစ်ချောင်းများမှ ရေနမူနာများကို လစဉ်ကောက်ယူစစ်ဆေးပြီး ရေအရည်အသွေး အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ၏ အမျိုးသားမြေပေါ်ရေအရည်အသွေးစံချိန်စံညွှန်း (National Surface Water Quality Standard) ကို ၂၀၂၄ ခုနှစ်တွင် အတည်ပြုသတ်မှတ်ခဲ့ပြီး မြစ်၊ ချောင်းနှင့် အခြားမြေပေါ်ရေအရင်းအမြစ်များ၏ ရေအရည်အသွေးကို စောင့်ကြည့်အကဲဖြတ်ရန် အသုံးပြုလျက်ရှိပါတယ်။ အဆိုပါစံနှုန်းတွင် အာဆင်းနစ်ပါဝင်မှုကို ရေတစ်လီတာလျှင် ၀.၀၅ မီလီဂရမ်ထက် မကျော်လွန်ရန် သတ်မှတ်ထားပါတယ်။

“ငါတို့မြန်မာနိုင်ငံရဲ့စံနှုန်းနဲ့ သူတို့စံနှုန်းနဲ့မတူဘူး။ ဥပမာပေါ့ နမူနာပြောမယ်ကွာ အာဆင်းနစ်ဆိုရင် ငါတို့မြန်မာနိုင်ငံစံနှုန်းက ရေတစ်လီတာကို ၀.၀၅မီလီမီတာကွာ။ သူတို့ထိုင်းရဲ့စံနှုန်းကြတော့ ရေတစ်လီတာမှာ ၀.၀၁ဂရမ် လို့ ” သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ခရိုင်ဦးစီးမှူး ဦးလွမ်းမိုးထက်က အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကော့ခ်မြစ်နှင့် မဲခေါင်မြစ်တို့မှ ရေနမူနာများကို စစ်ဆေးခဲ့ရာ အာဆင်းနစ်ပါဝင်မှုမှာ မယ်ဟုတ် ရေတစ်လီတာလျှင် ၀.၀၀၁ မီလီဂရမ်၊ မယ်ဟောက်ချောင်းတွင် ၀.၀၀၂ မီလီဂရမ်နှင့် မဲခေါင်မြစ်တွင် ၀.၀၀၁ မီလီဂရမ် အသီးသီးရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စစ်ဆေးတွေ့ရှိချက်များအရ စက်တင်ဘာလအတွင်း မြန်မာဘက်မှ စစ်ဆေးခဲ့သည့် ရေနမူနာများတွင် အာဆင်းနစ်ပါဝင်မှုသည် မြန်မာနိုင်ငံ၏ သတ်မှတ်စံနှုန်းဖြစ်သည့် ၀.၀၅ မီလီဂရမ်/လီတာထက် နိမ့်နေကြောင်း တွေ့ရပါတယ်။

ထို့အပြင် မြန်မာဘက်က ရေအရည်အသွေးအခြေအနေကို ၁လ တကြိမ် စစ်ဆေးနေပြီး ရေနမူနာများ ထပ်မံကောက်ယူပြီး တောင်ကြီးမြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်လည်း ထိုင်းနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများရဲ့ ရေအရည်အသွေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးကာ ရေအရည်အသွေးများကို နှစ်နိုင်ငံ ပူးပေါင်းစစ်ဆေးပြီး ရလဒ်များကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မြစ်ဖျားခံကာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအတိုင်းစီးဆင်းပြီး မဲခေါင်မြစ်အတွင်းဝင်ရောက်တဲ့ ချောင်းကို မြန်မာဘက်က မယ်ဆိုင်ချောင်းလို့ ခေါ်တွင်ပြီး ထိုင်းနိုင်ငံကတော့ နမ့်ဆိုင်လို့ခေါ်တွင်ကာ တာချီလိတ်၊ မိုင်းဖုန်း(က)အုပ်စု ဝမ်ဆောက်ခုံကျေးရွာအနီး ချောင်းဆုံမှတဆင့် မဲခေါင်မြစ်အတွင်း စီးဝင်သွားမှုကိုတော့ ရွက်မြစ်လို့ ခေါ်တွင်တယ်လို့ သိရှိရပါတယ်။

#ရေအရည်အသွေး

#နှစ်နိုင်ငံ

#အဆိပ်ပါဝင်မှု

#ထိုင်းမြန်မာနယ်စပ်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin