၂၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားများ အနေနဲ့ အများပြည်သူကို အနှောင့်အယှက် ဖြစ်စေတဲ့ အပြုအမူမျိုး ပြုလုပ်ရင် နှင်ထုတ်မယ့် ဥပဒေ တစ်ရပ်ကို သြဂုတ်လ (၂)ရက်က အတည်ပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အများပြည်သူ အေးဆေးတည်ငြိမ်မှု ပျက်ပြားအောင်လုပ်ဆောင်သူများ ပြည်သူလူထု အကျိုး ထိခိုက်အောင် လုပ်ဆောင်တဲ့ နိုင်ငံခြားသားများအား မိခင်နိုင်ငံသို့ နှင်လွှတ်မှာ ဖြစ်ကြောင်း ထိုင်းနန်းတော်က ထုတ်ပြန်တဲ့ သတင်းစာတိုက်က ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
အဆိုပါ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားများအား ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ယူ ဖြေရှင်းသွားမယ်လို့ ပြောထားပေမယ့် ဥပဒေချိုးဖောက်တယ်ဆိုတဲ့ သတ်မှတ်ချက် အသေးစိတ် ဖော်ပြထားတာ မတွေ့ရပါဘူး။
ပြစ်မှု ကျူးလွန်မှုကြောင့် ထောင်ချခံရတဲ့ နိုင်ငံခြားသားများအားလည်း သူတို့ရဲ့ မိခင် နိုင်ငံသို့ ပြန်ပို့ရေး ပြည်ထဲရေး ဝန်ကြီးဌာနက သူတို့ရဲ့ ပြစ်ဒဏ် မပြီးဆုံးခင် ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် အနေနဲ့ နှင်ထုတ်မယ့် နိုင်ငံခြားသားများအား စဉ်းစားဆုံးဖြတ်မှု အတွက် ပြည်ထဲရေး ဝန်ကြီးဌာနသို့ အဆိုပါ အမှုများအား အစီရင်ခံ တင်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အဆိုပါ လုပ်ရပ်များ ကျူးလွန်သူ သို့မဟုတ် အဆိုပါ လုပ်ရပ်မျိုးအား ကူညီပေးတဲ့ နိုင်ငံခြားသားများ အပေါ်လည်း ဥပဒေ သက်ရောက်မှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရက အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာ ဘယ်လိုအပြုအမူမျိုး ကျူးလွန်ရင် နှင်ထုတ်ခံရမယ်ဆိုတာ အသေးစိတ် ဖော်ပြမထားဘဲ အများပြည်သူ အနှောင့်အယှက် ဖြစ်စေတယ် မဖြစ်စေဘူးဆိုတာကို အရာရှိတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ၊ တရားမဝင် ဆက်လက် နေထိုင်သူများ၊ တရားမဝင် အလုပ်လုပ်ကိုင် နေသူများလည်း အဆိုပါ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထိုင်းအစိုးရ ထုတ်ပေးတဲ့ စာရွက်စတမ်းများအား အတုပြုလုပ်မှုများ၊ စာရွက်စာတမ်း အတု အသုံးပြုတဲ့ နိုင်ငံခြားသားများအားလည်း ထောင် (၅)နှစ် အထိ ချမှတ်သွားမှာ ဖြစ်ပါတယ်။

