Language:

အထကဆန်ဆိုင်းကျောင်းရှေ့ အရက်သောက်အိပ်နေသူများကြောင့် အမြင်မသင့်တော်


အထကဆန်ဆိုင်းကျောင်းရှေ့ အရက်သောက်အိပ်နေသူများကြောင့် အမြင်မသင့်တော်

၃ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့၊ အ.ထ.က ဆန်ဆိုင်းကျောင်းရှေ့ရှိ ပလက်ဖောင်းပေါ်မှာ လမ်းဘေးနေထိုင်သူများ အရက်သောက်ပြီး အိပ်နေကြတဲ့အတွက် ဖြတ်သန်းသွားလာသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အမြင်မသင့်တော်ကြောင်း ကျောင်းသားမိဘများနဲ့ အဲဒီအနီးပါတ်ဝန်းကျင်မှာရှိတဲ့ လူများက အရှေ့သံလွင် သတင်း မီဒီယာကို ပြောပါတယ်။

“လမ်းဘေးမှာနေတဲ့သူ ယောကျ်ား ၄ ယောက်လောက်က ပလက်ဖောင်းပေါ်မှာ အရက်သောက်တယ်၊ အိပ်တယ်။ ပြီးရင် ဒီကောင်တွေ ခန္ဓာကိုယ်က အနံ့တွေကလဲ ဆိုးတော့ ကျောင်းသူကျောင်းသားတွေ ဖြတ်နေတဲ့အချိန် မသင့်တော်ဘူးလေ” ဟု ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

ကျောင်းသူကျောင်းသားများ ကျောင်းတက်ချိန်နှင့် ကျောင်းဆင်ချိန်တို့တွင် အဆိုပါ လမ်းဘေးလေ့လွင့်နေသူများသည် အဝတ်မပါပဲအိပ်စက်ခြင်း၊ အရက်သေစာများအလွန်အကျွံ သောက်သုံးခြင်းနှင့် တချို့မှာ မူးယစ်ဆေးဝါးများပင် သုံးစွဲတတ်သည်ဟုလဲ ၄င်းက ဆိုပါတယ်။

တာချီလိတ်မြို့ပေါ်တွင် တချို့လေ့လွင့်လူငယ်များ၊ စိတ်ရောဂါသည်များနှင့် မူးယစ်ဆေးသုံးစွဲသူအချို့သည် ပိုင်ရှင်မရှိုသည့် ခြံများ၊ ဆိုင်ခန်းလွတ်များတွင် ဝင်ရောက်နေထိုင်လေ့ရှိပါသည်။

“အကုန်လုံတော့ အခုလိုနေကြတာမျိုးမဟုတ်ပါဘူး။ ဒီကျောင်းရှေ့ကလူတွေကလဲ မကြာသေဘူးထင်တယ်။ အဲ့ဒီမှာပဲ သောက်လိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ နေနေကြတာ။ လမ်းကြားတွေထဲမှာဆို ဟုတ်သေးတယ်။ အခုက ကျောင်းရှေ့ကြီးမှာ အဲ့လိုအရက်သောက်ပြီး အိပ်နေတာတော့ မကောင်းဘူးလို့” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်ဆိုင်းကျောင်းရှေ့မှာတော့ နေ့လည်ပိုင်း နဲ ညပိုင်းအချိန်တွေမှာပါ နေထိုင်ကာ ၄င်းတို့ရဲ့ အသုံးအဆောင်ပစ္စည်းများ၊ အရက်ဗူးများနှင့် အမှိုက်များ ပြန့်ကျဲရှုပ်ပွနေတာကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ နေထိုင်သူများထဲက အချို့မှာ အရက်သောက်ကာ အချင်းချင်း ရန်ဖြစ်နေတာတွေရှိကြောင်းသိရပြီး အချို့မှာ ရပ်ကွက်အတွင်း စွန့်ပစ်ထားတဲ့ ဘီယာဗူးခွံများ၊ သံထည်ပစ္စည်းများနှင့် အခြားအသုံးပြုပြီးပစ္စည်းများကို ကောက်ယူကာ ပြန်လည်ရောင်းချကာ စားသောက်နေထိုင်ကြကြောင်း သိရပါတယ်။

#ဆန်ဆိုင်းအထက်တန်းကျောင်း

#အရက်သောက်အိပ်နေသူ

#ပတ်ဝန်းကျင်

#ဒေသခံ

ဆက်စပ်သတင်းများ

Eastern Thanlwin