၂၇ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ဩဂုတ်လ ၂၇ ရက်နေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မြန်မာ-လာအို ချစ်ကြည်ရေးဘောလုံးပွဲကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်ရန် မြန်မာ–လာအို ချစ်ကြည်ရေးအသင်းရုံးခွဲ(တာချီလိတ်)တွင် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့တယ်လို့သိပါတယ်။
အဆိုပါ မြန်မာ-လာအိုချစ်ကြည်ရေးဘောလုံးပွဲကို သံအမတ်ကြီးများ၊ သံရုံးအရာထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အသင်းဝင်များ တက်ရောက်ကြမှာဖြစ်ပြီး စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် တာချီလိတ်မြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ တစ်ဖက်မိနစ် (၃၀)ခန့် ကစားကြမှာဖြစ်ပြီး ပွဲစဥ်အတွင်း ဆုတံဆိပ်ပေးအပ် ချီးမြှင့်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ပါတယ်။
ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပရာတွင် မြန်မာ – လာအို ချစ်ကြည်ရေးအသင်းရုံးခွဲဥက္ကဌ ဦးစိုင်းလုံမောက်နှင့် အသင်းဆက်ဆံရေးတာဝန်ခံ ဦးဘိုလေးတို့က ဦးဆောင်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံယဥ်ကျေးမှု ဖလှယ်ရေးအစီအစဥ်များနှင့် တာဝန်ခွဲဝေသတ်မှတ်ရေး အချက်များကို အကြံပြု ပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်။
U-18 လူငယ်ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအပြီးတွင် ကစားသမားများ ညစာစားပွဲနှင့် နှစ်နိုင်ငံ အပြန်အလှန်လက်ဆောင်ပေးအပ်ခြင်းများ ပြုလုပ်သွားမှာဖြစ်ပြီး နှစ်နိုင်ငံအကြား လူငယ်များမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်မှုများ ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

