၂၀ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အမေရိကန်စတော့ဈေးကွက်မှာ Apple (AAPL.US) ရဲ့ ရှယ်ယာဈေးဟာ ဩဂုတ် ၁၉ ရက်၊ အင်္ဂါနေ့ က (၂)ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး တစ်ရှယ်ယာကို (၃၁၁.၃၇) ဒေါ်လာအထိ ရောက်ရှိခဲ့ပါတယ်။
သတင်းတွေအရ Apple က iPhone 17 စီးရီးတွေရဲ့ ကမ္ဘာတစ်ဝန်းဈေးနှုန်းတွေကို ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အမီ ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေပြီး၊ မော်ဒယ်တစ်မျိုးချင်းစီအလိုက် အများဆုံး တရုပ်ယွမ်(၁၀၀၀)အထိ ဈေးတက်နိုင်တယ်လို့ သိရပါတယ်။
ဈေးနှုန်းသတ်မှတ်တဲ့ပုံစံကတော့ အရင်က ဂျပန်ဈေးကွက်မှာ ပြင်ဆင်သတ်မှတ်ခဲ့တဲ့ စံနှုန်းအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Apple ဟာ ဇူလိုင်လအလယ်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ Apple တရားဝင်ဝက်ဘ်ဆိုက်မှာ iPhone မော်ဒယ်တွေရဲ့ ဈေးနှုန်းတွေကို တစ်ပြိုင်နက် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီထဲမှာ iPhone 17၊ iPhone 17 Pro၊ iPhone 17 Pro Max၊ iPhone Air၊ iPhone 17e နဲ့ ယခင်မျိုးဆက် iPhone 16 တို့ ပါဝင်ပြီး ဈေးနှုန်းတွေဟာ (၈)ရာခိုင်နှုန်းကနေ (၁၁. ၃) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
အဲဒီထဲမှာ ပေါ့ပါးတဲ့ iPhone Air က ဈေးနှုန်းအမြင့်ဆုံး တိုးမြှင့်ခံရပြီး (၁၁.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
iPhone 17 Pro Max ကတော့ (၁၀.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ Storage အမြင့်ဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းဟာ ယန်း (၃၂၉,၈၀၀) ကနေ (၃၅၄,၈၀၀) အထိ မြင့်တက်သွားပါတယ်။ ဆိုလိုတာက ယန်း (၂၅,၀၀၀) ဈေးတက်ခဲ့တာဖြစ်ပြီး တရုတ်ယွမ်ငွေနဲ့ တွက်ချက်ရင် ယွမ် ၁,၀၆၀ ခန့် ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။
ငွေလဲနှုန်းအလိုက် ပြန်လည်တွက်ချက်မယ်ဆိုရင် ဂျပန်ဈေးကွက်မှာ iPhone တစ်လုံးဝယ်ယူရတဲ့ ကုန်ကျစရိတ်ဟာ ယွမ် (၅၄၀) ကနေ ယွမ် (၈၃၅) အထိ တိုးလာပါတယ်။ အထူးသဖြင့် Storage အမြင့်ဆုံး မော်ဒယ်မှာ ဈေးနှုန်းကွာဟချက်ဟာ ယွမ် (၁,၀၀၀) နီးပါး ရှိလာတာကြောင့် Supply Chain ဘက်က ထွက်ပေါ်ထားတဲ့ ဈေးတက်နိုင်မှု အမြင့်ဆုံး ယွမ် (၁,၀၀၀) ဆိုတဲ့ ခန့်မှန်းချက်နဲ့လည်း ကိုက်ညီနေပါတယ်။

