၂၀ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)
Nc
မြန်မာနိုင်ငံအရှေ့ပိုင်း မြဝတီမြို့နယ်အနီးနှင့် ဘုရားသုံးဆူဒေသတဝိုက်ရှိ အွန်လိုင်းလိမ်လည်မှုစခန်းများအတွင်း အာရှ၊ အာဖရိကနှင့် တောင်အမေရိကနိုင်ငံများမှ လူပေါင်း (၁၃,၆၇၀) ကျော် ပိတ်မိ/ထိန်းချုပ်ခံနေရပြီး လိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံနေရကြောင်း NGO အစီရင်ခံစာတစ်စောင်က ဖော်ပြထားပါတယ်။
Civil Society Network for Human Trafficking Victim Assistance အဖွဲ့က ပြုစုထားသည့် အစီရင်ခံစာအရ ထိုစခန်းများအတွင်း ပိတ်မိနေသူအရေအတွက်မှာ ယမန်နှစ်ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထက် နှစ်ဆကျော် မြင့်တက်လာကြောင်း သိရှိရပါတယ်။
မြဝတီ–ရွှေကုက္ကို–ထိုင်းနယ်စပ်တစ်လျှောက်တွင် စခန်း (၈)ခုခန့်ရှိပြီး ပိတ်မိ/ထိန်းချုပ်ခံနေရသူဦးရေ (၈,၃၇၀) ခန့်ရှိကြောင်း အကြီးဆုံးစခန်းမှာ မြန်မာ–ထိုင်းနယ်စပ် ဟပ်လူ ဒေသတွင်ရှိပြီး တရုတ်နိုင်ငံသား (၅,၀၀၀) ခန့် အပါအဝင် အာရပ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီသီယိုးပီးယားနိုင်ငံသားများလည်း ရှိနေကြောင်း၊ ကရင်ပြည်နယ် အရှေ့ပိုင်း ထိုင်းနယ်စပ်တစ်လျောက်မှာလည်း လူဦးရေ (၅,၃၀၀) ခန့်ကို စခန်း (၄) ခုလောက်တွင် ထိန်းချုပ်ခံထားရကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ NGO က လိမ်လည်ခံရသူများထံမှရရှိသည့် သတင်းအချက်အလက်များကို အသုံးပြု၍ စခန်းတစ်ခုမှတစ်ခုသို့ လူများကို ရွှေ့ပြောင်းပို့ဆောင်သည့် လမ်းကြောင်းများကို ခြေရာခံနိုင်ခဲ့ပြီး လျှို့ဝှက်ထားသည့် လိမ်လည်မှုစခန်းများကို ဖော်ထုတ်ခြင်း၊ လူများပိတ်မိနေသည့်နေရာများကို အတည်ပြုခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်ခဲ့ကြောင်း ပြောဆိုထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း ကမ္ဘောဒီးယားတွင် အွန်လိုင်းလိမ်လည်မှုများ အလျင်အမြန်ကြီးထွားလာခဲ့ပြီးနောက် ရာဇဝတ်ဂိုဏ်းများက အဆိုပါလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ကိုင်လာခဲ့ကြတာပါ။ ပြီးခဲ့သည့် (၁၈)လအတွင်း ကမ္ဘောဒီးယားအစိုးရက အကြီးစားနှိမ်နင်းမှုတွေပြုလုပ်ခဲ့ပြီး လိမ်လည်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ သောင်းနှင့်ချီကို ၎င်းတို့မိခင်နိုင်ငံအား ပြန်လည်ပို့ဆောင်ခဲ့တဲ့အပြင် ထိုင်းနိုင်ငံက တရုတ်အစိုးရရဲ့ ပူးပေါင်းကူညီမှုဖြင့် ယမန်နှစ်အစောပိုင်းတွင် နယ်စပ်ဖြတ်ကျော် လိမ်လည်မှုများကို နှိမ်နင်းခဲ့ခြင်းကြောင့် ကျားဖြန့်ဂိုဏ်းများသည် မြန်မာနိုင်ငံနယ်စပ်တလျောက်ကို ရွှေ့ပြောင်းလာကြတာဖြစ်ပါတယ်။

