၅ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနဲ့ စက်ရုံလမ်းထောင့်မှာရှိတဲ့ မင်္ဂလာဈေးဟောင်းနေရာမှာ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးကို ဒီကနေ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ ဖွင့်လှစ်လိုက်ပါတယ်။
ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီဝန်းကျင်မှာ ကျင်းပခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သလို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူကလည်း ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
မင်္ဂလာဈေးသစ်ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အခုအခါ ဆိုင်ခန်းပေါင်း ၄,၀၆၇ ခန်းပါဝင်တဲ့ ငါးထပ်အဆောက်အအုံအဖြစ် ပြီးစီးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း မြေညီထပ်ကနေ စတုတ္ထထပ်အထိ ဆိုင်ခန်းတွေ စတင်ဖွင့်လှစ်ရောင်းချနေပြီလို့ သိရပါတယ်။
ဈေးတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဆိုင်ခန်းတွေကို အရင်ဈေးဟောင်းက ဆိုင်ခန်းအကျယ်အဝန်းနဲ့ နေရာနံပါတ်တွေအတိုင်း ပြန်လည်နေရာချထားပေးခဲ့တာဖြစ်ပြီး မူလဆိုင်ရှင်တွေကိုလည်း ကိုယ့်နေရာအလိုက် ပြန်လည်ပေးအပ်ထားတယ်လို့ သိရပါတယ်။
ဈေးသစ်မှာ ကားပါကင်အပြင် မြေညီထပ်မှာ ဘဏ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေ ပါဝင်မှာဖြစ်ပြီး အပေါ်ထပ်တွေမှာတော့ ဆိုင်ခန်းတွေနဲ့ ကုန်လှောင်ရုံတွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။
မင်္ဂလာဈေးဟောင်းဟာ ၂၀၁၀ ပြည့်နှစ် မေလနဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတို့မှာ မီးလောင်မှုကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အဲဒီမီးလောင်မှုတွေမှာ မီးသတ်ယာဉ်နဲ့ တပ်ဖွဲ့ဝင်အင်အား အများအပြားအသုံးပြုပြီး အချိန်ကြာမြင့်စွာ ငြှိမ်းသတ်ခဲ့ရသလို ဆုံးရှုံးပျက်စီးမှုတွေလည်း များပြားခဲ့ပါတယ်။
မီးဘေးအန္တရာယ်ကြောင့် အကြိမ်ကြိမ်ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ မင်္ဂလာဈေးဟာ အခုအခါ ဆိုင်ခန်းထောင်ပေါင်းများစွာပါဝင်တဲ့ ဈေးသစ်ကြီးအဖြစ် ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ပါတယ်။

