၂၄ ရက် အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆက်ခရိုင်၊ မိုင်းတွမ်းမြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ ဖားမိုက် ၂ ရွာအနီးမှာ အွန်လိုင်းကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား (၉၉) ဦးကို အောက်တိုဘာ (၂၁) ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ အဆိုပါနေရာကို ဝင်ရောက်စစ်ဆေးခဲ့ရာ အွန်လိုင်းကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား (၉၅) ဦးနှင့် အမျိုးသမီး (၄) ဦး၊ စုစုပေါင်း (၉၉) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
“ဒေသခံ ပြည်သူ့စစ်အဖွဲ့ကို တစ်လ ဘတ်(၁၅)သိန်းကျော် ပေးပြီး တရုတ်တွေလုပ်နေတာလို့ကြားတယ်၊ လုပ်နေတာ(၄)လလောက်ရှိပြီ၊ အခုတော့ တာဝန်ခံတဲ့ လားဟူ ပြည်သူ့စစ်ခေါင်ဆောင်(၂)ဦးတော့ ထွက်ပြေးနေတယ်ကြားတယ်”လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်(၂)ဦးမှာ ပါလျှိုးနဲ့ ပါအဲဆိုသူ(၂)ဦးဖြစ်ပြီး ကျားဖြန့်အွန်လိုင်း ဖမ်းဆီးရေးကို မိုင်းဆတ်ခရိုင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့အပြင် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အွန်လိုင်းကျားဖြန့်ဖမ်းဆီးရမိတဲ့နေရာမှာ ဒေသတွင်း ပူနားကိုပြည်သူ့စစ်နဲ့ “ဝ”တပ်ဖွဲ့အပါအဝင် တပ်မတော်က စိုးမိုးထားတဲ့ဧရိယာဖြစ်ပြီး ယခင်ကလဲ ထိုင်းနိုင်ငံအတွင်းမှ မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းတရားခံပြေးတွေ အခြေချနေထိုင်ကာ မူးယစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်နနတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
အွန်လိုင်းကျားဖြန့်လုပ်ငန်းမှာ အသုံးပြုတဲ့ All-in-One ကွန်ပျူတာ (၁၃) လုံး၊ လက်ကိုင်ဖုန်း (၁၉၃) လုံး၊ စတားလင့် စက် (၂) လုံး၊ စားပွဲ (၂၃) လုံးနှင့် ထိုင်ခုံ (၉၂) လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး မိုင်းတွမ်းရဲစခန်းမှ ရဲအုပ်ဌေးဝင်းထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပြီး သက်ဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ယခု ကျားဖြန့်အွန်လိုင်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးရမိတဲ့ ဒေသမှာ ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်က တပ်မတော်မှ မူးယစ်ဆေးဝါး စစ်ဆင်ရေးထိုးကာ စိတ်ကြွဆေးပြားစက်ရုံအများအပြား ဖမ်းဆီးမိခဲ့တဲ့ဒေသဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ထိစပ်နေကာ မိုင်းဆတ်ခရိုင်နဲ့ တာချီလိတ်ခရိုင် အစပ်ဧရိယာဖြစ်ပါတယ်။

