၂၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
တောင်ပစိဖိတ်ဒေသက ဗနွားတူနိုင်ငံအနီး ပင်လယ်ပြင်မှာ အောက်တိုဘာ ၂၄ ရက် စနေနေ့ နံနက်ပိုင်းက အင်အား ၆.၉ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက အစပိုင်းမှာ ငလျင်အင်အားကို ၇.၂ အဖြစ် တိုင်းတာခဲ့ပေမဲ့ နောက်ပိုင်းမှာ ၆.၉ အဖြစ် ပြင်ဆင်ခဲ့တာပါ။ ငလျင်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာမှာ ဖြစ်ပွားခဲ့ပြီး ဆိုလာမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ပစိဖိတ်ဆူနာမီသတိပေးစင်တာက ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၃၀၀ အတွင်းရှိ ကမ်းရိုးတန်းဒေသတွေမှာ အန္တရာယ်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် မိနစ်အနည်းငယ်အကြာမှာ အင်အား ၆.၃ ရှိတဲ့ နောက်ဆက်တွဲငလျင်တစ်ခုလည်း ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ဗာနူအာတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်တွေက ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေကို ဘေးလွတ်ရာကို ခေတ္တရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အန္တရာယ်ရှိမရှိ စစ်ဆေးပြီးနောက် နေအိမ်တွေကို ပြန်လာနိုင်ပြီလို့ အသိပေးခဲ့ပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ချီလီနိုင်ငံတို့ရဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကလည်း သူတို့ရဲ့ နယ်မြေတွေအတွက် ဆူနာမီအန္တရာယ် မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
အင်ဒိုနီးရှား မိုးလေဝသနဲ့ ဘူမိရူပဌာနရဲ့ အဆိုအရ ဒီငလျင်ဟာ နယူးဟဲဘရီးဒီးကျွန်းစုအနီး မြေလွှာရွေ့လျားမှုကြောင့် ဖြစ်ပွားခဲ့တာပါ။ နောက်ဆက်တွဲငလျင်ရဲ့ အင်အားကိုလည်း ၆.၃ အဖြစ် တိုင်းတာခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ စစ်ဆေးမှုတွေအရ ဆူနာမီအန္တရာယ် မရှိတော့တာကြောင့် သတိပေးချက်ကို နောက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဗာနူအာတူဟာ ပစိဖိတ်မီးကွင်းဇုန်လို့ခေါ်တဲ့ ငလျင်နဲ့ မီးတောင်လှုပ်ရှားမှု မကြာခဏဖြစ်ပွားတတ်တဲ့ ဒေသမှာ တည်ရှိပါတယ်။ ဒီဒေသဟာ ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ကို ဖြတ်သန်းပြီး အရှေ့တောင်အာရှအထိ ဆန့်ထွက်နေပါတယ်။ ဒါကြောင့် ဗာနူအာတူနဲ့ အနီးဝန်းကျင်ကျွန်းစုတွေမှာ ငလျင်အန္တရာယ် မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး သက်ဆိုင်ရာအာဏာပိုင်တွေက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေကြပါတယ်။

