Language:

မိုင်းတုံမြို့နယ်မှာ စာသင်ကြားရေး အဆင်ပြေစေဖို့ နေ့စား ဆရာ/ ဆရာမများ ခန့်ထားဖို့ စီစဉ်လျက်ရှိ


မိုင်းတုံမြို့နယ်မှာ စာသင်ကြားရေး အဆင်ပြေစေဖို့ နေ့စား ဆရာ/ ဆရာမများ ခန့်ထားဖို့ စီစဉ်လျက်ရှိ

၆ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

ကိုရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင် မိုင်းတုံမြို့နယ်အတွင်း စာသင်ကြားရေး အဆင်ပြေစေရန် နေ့စား ဆရာ/ ဆရာမများ ခန့်ထားခြင်းတို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ပြောကြားလိုက်သည်။

လက်ရှိ ဆရာ/ဆရာမ မလုံလောက်တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သင်ကြားသင်ယူမှု အဆင်ပြေစေရန် လက်ရှိရရှိထားသည့် ဆရာ/ဆရာမ အင်အားဖြင့် ပူးတွဲသင်ကြားခြင်းတို့ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

မိုင်းတုံမြို့နယ်အတွင်း ဆရာ/ဆရာမ မရှိတဲ့ အခြေခံပညာ မူလတန်းကျောင်း ၂ ကျောင်း၊ ဆရာ/ဆရာမ တစ်ဦးသာရှိတဲ့ အခြေခံပညာ မူလတန်းကျောင်း ၁၂ ကျောင်းတို့အတွက် သင်ကြားရေးဆရာ/ဆရာမများ ဖြည့်စွက်ခန့်ထားပေးနိုင်ရေး မည်သို့ဆောင်ရွက်ပေးမည်ကို မိုင်းတုံမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထင်အောင်နိုင်က ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

အခြေခံပညာမူလတန်းကျောင်းတွေဖြစ်တဲ့ နမ့်ယွန်းနဲ့ ပါခါးကျောင်းတို့မှာ ဆရာ/ဆရာမ လုံးဝမရှိတဲ့ အခြေအနေရှိနေပြီး နမ့်ယွန်းကျောင်းမှာ ကျောင်းသား/ကျောင်းသူ ၂၁ ဦး၊ ပါခါးကျောင်းမှာ ကျောင်းသား/ကျောင်းသူ ၁၆ ဦးရှိတယ်ဟုဆိုကာ ဦးထင်အောင်နိုင်က မေးမြန်းခဲ့ပါတယ်။

ထို့အပြင် အခြေခံပညာမူလတန်းကျောင်း နားပါကော်၊ မောက်စလီ၊ ဟွေအော၊ နားအီ၊ ဟိုပန်၊ ဝမ်စလား၊ မိုင်းကိုင်နွဲ့၊ လွယ်ကျော့၊ အထက်လွယ်ခါး၊ ပါချီး၊ ထီငင်းနဲ့ နန့်ချန်စတဲ့ ကျောင်း ၁၂ ကျောင်းမှာလည်း ဆရာ/ဆရာမ တစ်ဦးစီသာရှိနေတာလို့ ဆိုပါတယ်။

အဆိုပါ မူလတန်းကျောင်းများမှာ KG မှ Grade-4 အထိ အတန်းခွဲ ၅ ခွဲနဲ့ သင်ကြားရတဲ့အတွက် ဆရာ/ဆရာမ တစ်ဦးတည်းကသာ သင်ကြားပေးနေရလို့ အခက်အခဲတွေ ရှိနေတာလို့လည်း ‌ပြောကြားခဲ့ပါတယ်။

“သင်ကြားရေးဆရာ/ဆရာမတွေ မရှိတဲ့ အခြေခံပညာမူလတန်းကျောင်း ၂ ကျောင်းနဲ့ ဆရာ/ဆရာမ တစ်ဦးသာရှိတဲ့ အခြေခံပညာ မူလတန်းကျောင်း ၁၂ ကျောင်းအတွက် သင်ကြားရေးဆရာ/ဆရာမတွေကို ဖွဲ့စည်းခန့်ထားပေးနိုင်ဖို့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာ သိရှိလိုပါတယ်” ဟု မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးထင်အောင်နိုင် က ပြောဆိုလိုက်တာပါ။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ အောက်တိုဘာလ(၆)ရက်နေ့တွင် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးထင်အောင်နိုင်ရဲ့ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ဖြေကြားခဲ့တာပါ။

အဆိုပါ ကြယ်ပွင့်ပြ မေးခွန်းနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင် မိုင်းတုံမြို့နယ်အတွင်း ဆရာ/ဆရာမ ခန့်ထားပေးနိုင်ခြင်း မရှိတဲ့ အမက-နမ့်ယွန်း၊ အမက-ပါခါး ကျောင်း ၂ ကျောင်း ရှိသေးတယ်လို့ ဖြေကြားခဲ့ပါတယ်။

အမက-နမ့်ယွန်းကျောင်းမှာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၈ ဦးရှိပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် (ဒီပလိုမာEP)သင်တန်းဆင်း လက်ထောက်မူလတန်းပြ ဆရာမတစ်ဦးအား ဖြည့်စွက်ခန့်ထားပေးခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ တာဝန် လာရောက်ထမ်းဆောင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဆရာ/ကျောင်းသား အင်အားအခြေအနေကို ကြည့်ရှု၍ အခြားကျောင်းမှ လက်ထောက်မူလတန်းပြ ဆရာမတစ်ဦးအား တွဲဖက်တာဝန်ချထားပေးကာ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

လက်ရှိအခြေအနေမှာတော့ ဆရာ/ဆရာမ တစ်ဦးသာရှိတဲ့ ကျောင်းများ၌ ရှိပြီးသား ဆရာ/ဆရာမများဖြင့် သင်ကြားရေးလုပ်ငန်းများ အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိပြီး ဆရာ/ဆရာမအသစ်များ ရရှိလာပါက ဆရာ/ဆရာမ မရှိသည့် ကျောင်းများအပြင် လိုအပ်ချက်ရှိတဲ့ ကျောင်းများသို့ ဆက်လက် ဖြည့်စွက် ခန့်ထားပေးသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

#မိုင်းတုံမြို့နယ်

#စာသင်ကြားရေး

#နေ့စားဆရာ/ဆရာမ

#မိုင်းတုံခရိုင်

#ရှမ်းပြည်နယ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin