Language:

ရန်ကုန်မြို့လယ်က Yoma Central စီမံကိန်း ပြန်လည်စတင်မယ်


ရန်ကုန်မြို့လယ်က Yoma Central စီမံကိန်း ပြန်လည်စတင်မယ်

၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားထားခဲ့တဲ့ ရန်ကုန်မြို့လယ်က Yoma Central စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့အတွက် FMI နဲ့ Yoma Strategic Holdings (YSH) တို့အကြား သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဆိုပါ သဘောတူညီချက်ကို အောက်တိုဘာ ၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စီမံကိန်းကို တစ်ဆင့်ချင်း ပြန်လည်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့ FMI က ထုတ်ပြန်ထားပါတယ်။

ဒီသဘောတူညီချက်ရဲ့ အဓိကအချက်တစ်ခုကတော့ Yoma Central မှာ FMI ရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုကို လက်ရှိ ၁၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ဆိုတာပါ။ ကျန်ရှိတဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ YSH က ဆက်လက်ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

FMI ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းကလည်း Yoma Strategic နဲ့ ရေရှည်လက်တွဲပြီး Yoma Central ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဆင့်လိုက် ပြန်စနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

သူက FMI ရဲ့ အစုရှယ်ယာတိုးမြှင့်မှုဟာ Yoma Central စီမံကိန်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်တာနဲ့ Yoma Group ရဲ့ မြန်မာနိုင်ငံအပေါ် ရေရှည်လုပ်ဆောင်သွားမယ့် ကတိကဝတ်ကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းမှာ ပါဝင်နေတဲ့ အခြားအစုရှယ်ယာရှင်တွေက သူတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို FMI နဲ့ YSH ထံ သက်ဆိုင်ရာပိုင်ဆိုင်မှုအချိုးအတိုင်း လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းစဉ်ကနေ ဖြစ်လာမယ့် ကုန်ကျစရိတ်တွေနဲ့ အကျိုးအမြတ်တွေကိုလည်း FMI နဲ့ YSH တို့က သူတို့ရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုအချိုးဖြစ်တဲ့ ၂၀:၈၀ အတိုင်း ခွဲဝေခံစား၊ တာဝန်ယူသွားမယ်လို့ သိရပါတယ်။

အခုသဘောတူညီချက်အရ ရန်ကုန်မြို့လယ်က အထင်ကရ ဘက်စုံအသုံးပြု ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဖြစ်တဲ့ Yoma Central ကို ပြန်လည်အကောင်အထည်ဖော်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ စတင်လာတာ ဖြစ်ပါတယ်။

#ရန်ကုန်မြို့လယ်

#YomaCentral

#စီမံကိန်း

#ပြန်လည်စတင်

#FMI

#YSH

#အစုရှယ်ယာ

#ဆောက်လုပ်ရေးလုပ်ငန်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin