၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ငလျင်အပါအဝင် သဘာဝဘေးကြောင့် ကားပျက်စီးသွားသူတွေအနေနဲ့ အဲဒီကားကို အပ်နှံပြီး အစားထိုးကား တင်သွင်းခွင့် လျှောက်ထားနိုင်တယ်လို့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က ပြောဆိုလိုက်ပါတယ်။
ယမန်နေ့ အောက်တိုဘာ ၅ ရက်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ကားတွေအတွက် ဘယ်လိုကူညီပေးမလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဖြေကြားခဲ့တာပါ။
ကားအပ်ပြီး အစားထိုးကားတင်သွင်းချင်သူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံချက်တွေ လိုအပ်တဲ့အပြင် ကားမှတ်ပုံတင်စာအုပ်၊ ယာဉ်သက်သေခံလက်မှတ်နဲ့ ကားပျက်စီးထားတဲ့ ဓာတ်ပုံတွေကိုလည်း စစ်ဆေးခံရမှာဖြစ်ပါတယ်။
စစ်ဆေးပြီး ယာဉ်မှတ်တမ်းတွေနဲ့ ကိုက်ညီရင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံပြီး အစားထိုးကားတင်သွင်းခွင့် လျှောက်ထားနိုင်ဖို့ ထောက်ခံချက်ပုံစံ “ဃ” ထုတ်ပေးသွားမယ်လို့ ဆိုထားပြီး အစားထိုးကား တင်သွင်းခွင့်ရရှိဖို့ကတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကားတင်သွင်းခွင့် ပြုတဲ့အချိန်မှာ သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်လျှောက်ထားရမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ငလျင်ကြောင့် ပျက်စီးသွားပေမယ့် လမ်းပေါ်မှာ အန္တရာယ်ကင်းကင်း မောင်းလို့ရသေးတဲ့ကားတွေဆိုရင် ပြုပြင်ခွင့် လျှောက်ထားနိုင်ပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်တယ်ဆိုရင် ပြန်လည်မှတ်ပုံတင်ပေးသွားမယ်လို့ သိရပါတယ်။
ဒီမေးခွန်းကို မေးမြန်းခဲ့တဲ့ ချမ်းအေးသာစံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေးကတော့ ငလျင်ကြောင့် ကားပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိခဲ့ပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်နေသူတွေအတွက်လည်း အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး မေးမြန်းခဲ့တာလို့ ပြောပါတယ်။

