၁၅ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
သြဂုတ်လ (၁၄)ရက် ညနေ (၆)နာရီခွဲက ဥဘွန်ရတ်ချာသာနီခရိုင် ဘန်ဒူမြို့ ဘူရာဖာလမ်းရှိ ဖျူထိုင်းပါတီ ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထဲရေး လက်ထောက်ဝန်ကြီးဟောင်း ကရီယန်ကယ်ပင်တန်အတွက် ပြုလုပ်တဲ့ ကုသိုလ်ပြုပွဲသို့ ထိုင်းလက်ရှိဝန်ကြီးချုပ် အနုတင်နဲ့ အတူ ဝန်ကြီးချုပ်ဟောင်း (၃)ဦးလည်း တက်ရောက်ခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဆိုပါကုသိုလ်ပြုပွဲသို့ ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြတဲ့ သက်ဆင် ရှင်နာဝါထရာ၊ သူ့ရဲ့ သမီးပေသွန်ထန် ရှင်နာဝါထရာနဲ့ ဆွမ်ချိုင်း ဝေါင်ဆာဝတ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ထိုင်းရဲ့ နိုင်ငံရေး ဟဲဗီးဝိတ်တစ်ယောက်ဖြစ်သူ သက်ဆင်ဟာ ပြည်ပမှာ နှစ်များစွာကြာ တိမ်းရှောင်နေခဲ့ပြီး ထိုင်းသို့ ပြန်လာချိန်မှာ ထောင်ချခံခဲ့ရပေမယ့် ထောင်ထဲမှာ ခတ္တမျှနေထိုင်ပြီး ရဲတပ်ဖွဲ့ ဆေးရုံမှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ နေထိုင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ အဲဒီလိုနေထိုင်မှုဟာ ထောင်ဒဏ်ကျခံရာ မရောက်ဘူးလို့ နိုင်ငံတော်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ်တစ်နှစ် ပြန်လည်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာကြောင့် ထောင်ထဲပြန်ဝင်ခဲ့ရပါတယ်။
ဝန်ကြီးအများအပြား၊ ဖျူထိုင်းပါတီ ခေါင်းဆောင်များ၊ ဖျူထိုင်းပါတီနဲ့ အရှေ့မြောက်ပိုင်းဒေသက ဘွန်ဂျိုင်ထိုင်းပါတီက လွှတ်တော် အမတ်များလည်း တက်ရောက်ခဲ့ပြီး ပညာရေးဝန်ကြီး ပရာဆက်ချန်ရူအန်သွန်လည်း တက်ရောက်ခဲ့ပါတယ်။
ဥဘွန်ရတ်ချာသာနီ ပြည်နယ်က ဒေသခံအများအပြားနဲ့ အနီးအနား ပြည်နယ်တွေက ဒေသခံတွေ အများကြီးလည်း တက်ရောက်ခဲ့ကြ ပါတယ်။
ဒါဟာ သက်ဆင်ထောင်က ပြန်လွတ်လာပြီးနောက်ပိုင်း သူနဲ့ ဝန်ကြီးချုပ် အနုတင်ကြား ပထမဆုံး တွေ့ဆုံမှုဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။
အဲဒီလို တွေ့ဆုံမှုအတွင်း သက်ဆင်နဲ့ အနုတင်တို့ ဘေးချင်းကပ်လျက်ထိုင်ခဲ့ကြပြီး ရင်းရင်းနီးနီး ပြောဆိုဆက်ဆံခဲ့ကြတာလည်း မြင်တွေ့ရ ပါတယ်။
ဥဘွန်ရတ်ချာသာနီ ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် (၅)ကြိမ်တိုင်တိုင် ရွေးကောက်ခံခဲ့ရတဲ့ လက်ထောက် ပြည်ထဲရေးဝန်ကြီးဟောင်း ကရီအန်ဟာ ကင်ဆာရောဂါနဲ့ အသက် (၇၄)နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဗီချိုင်ယွတ် ဆေးရုံမှာ သြဂုတ်လ (၁၁)ရက်က ကွယ်လွန်သွားတဲ့ သူအတွက် ကောင်းမှု ကုသိုလ်ပြုပွဲကို (၁၃)ရက်ကနေ (၁၅)ရက်အထိ ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

