Language:

ရှမ်းပြည် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမည်ဟု ရှမ်းအစိုးရပြော


ရှမ်းပြည် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမည်ဟု ရှမ်းအစိုးရပြော

၁၄ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံနေမှုများရှိပါက အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ ထိထိရောက်ရောက် ထုတ်ပယ်အရေးယူမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းလှိုင်က တစ်ချို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အိမ်ခြံမြေ ရောင်းဝယ်ခြင်းအပေါ် ရာခိုင်နှုန်းလိုက် သတ်မှတ်ပြီး ငွေကြေးကောက်ခံခြင်းများ၊ စစ်မှုထမ်းနှင့် ပတ်သက်ပြီး ပုံစံမျိုးစုံ ကောက်ခံနေခြင်းနှင့် တရားမဝင်လုပ်ငန်းများကို ခွင့်ပြုပြီး ငွေကြေးရယူခြင်းများ ရှိနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ငွေကြေးကောက်ခံခြင်းမပြုရန် ညွှန်ကြားထားပြီးကြောင်းနဲ့ ဥပဒေကျူးလွန်ချိုးဖောက်ကြာင်း ဖေါ်ထုတ်စိစစ်တွေ့ရှိပါက အဂတိ တိုက်ဖျက်ရေးဥပဒေနဲ့ ထိထိရောက်ရောက် ထုတ်ပယ်အရေးယူလျက်ရှိတယ်” လို့ ရှမ်းပြည်နယ်စီမံကိန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ပြောဆိုလိုက်တာပါ။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ ဩဂုတ်လ (၁၃) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ် (၂) ဦးဌေးဝင်းလှိုင်ရဲ့ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုနှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကွတ်ခိုင်မြို့နယ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ် (၂) ဦးဌေးဝင်းလှိုင်ရဲ့ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုနှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများအား သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် စရိတ်ချီးမြှင့်ငွေအနေဖြင့် လစဉ် တစ်ဦးလျှင် ကျပ် (၇)သောင်းနှင့် သာမန်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်ဖြင့် တစ်ရုံးလျှင် (၅)သောင်းကျပ်နှုန်းဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးလျက်ရှိပြီးရှိတယ်လို့ ပြည်နယ်ဝန်ကြီး ဒေါက်တာလဆိုင်း က ပြောကြားခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ငွေကြေးရယူလျှင် အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလျက်ရှိတယ်လို့ ပြောကြားခဲ့ပေမယ့် ရှမ်းပြည်နယ်အတွင်း အရေးယူပြီးတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို အချက်အလက် လိုက်လံစုံစမ်းခဲ့ပေမယ့် တွေ့ရှိခြင်းမရှိခဲ့သလို ပြည်နယ်ဝန်ကြီးရဲ့ လွှတ်တော်မေးခွန်းအပေါ် ပြန်လည်ဖြေကြားမှုမှာလဲ အရေးယူထားမှုရှိတယ်လို့သာ ပြောကြားခဲ့ပေမယ့် အချက်အလက်တစ်စုံတစ်ရာ ချပြခဲ့ခြင်း မရှိဘူးလို့ သိရှိရပါတယ်။

တာချီလိတ်မြို့တွင်လည်း စစ်မှုထမ်းကိစ္စ၊ ရပ်ကွက်ထောက်ခံစာထုတ်ပေးချိန်နဲ့ မြေအရောင်းအဝယ်ပြုလုပ်မှုအပေါ် ရပ်ကွက်မှ အရောင်းအဝယ်စာချုပ် ပြုလုပ်ပေးနေတာတွေ အတွက် ရပ်ကွက်အလှူငွေဟုဆိုကာ ငွေကြေးကောက်ခံမှုများရှိနေတာ ဖြစ်ပါတယ်။

#အဂတိတိုက်ဖျက်ရေး

#ရပ်ကျေးဥပဒေ

#ပြည်နယ်လွှတ်တော်

#ကွက်ခိုင်

#ပြည်နယ်ဝန်ကြီး

#ရှမ်းပြည်နယ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin