Language:

မိုင်းဖြတ်မြို့မှာ သာယာအေးတံတားအောက်ခြေ ကွန်ကရစ်တိုင် ပိုမိုယိုင်လာနေလို့ ဒေသခံများ သွားလာရေးအန္တရာယ် စိုးရိမ်နေရ


မိုင်းဖြတ်မြို့မှာ သာယာအေးတံတားအောက်ခြေ ကွန်ကရစ်တိုင် ပိုမိုယိုင်လာနေလို့ ဒေသခံများ သွားလာရေးအန္တရာယ် စိုးရိမ်နေရ

၉ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် ဘေလီတံတားအမျိုးအစား အမှတ် ( ၂/၉၅ ) အရှည်(၂၄၀)ရှိပြီး ဝမ်ပုံရွာအနီးမှာရှိတဲ့ သာယာအေးတံတားအောက်ခြေ ယိုင်နေလို့ တံတားပြိုပျက်သွားမှာ စိုးရိမ်နေလို့ ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။

ပျက်စီးနေတဲ့ ဘေလီတံတားမှာ မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆတ် ဆက်သွယ်ပေးထားတဲ့ ဘိုရှမ်းလမ်းပေါ်မှာတည်ရှိတာဖြစ်ပြီး မိုင်းဖြတ်မြို့နဲ့ နီးကပ်တဲ့အတွက် ကျေးရွာနေထိုင်သူ ဒေသခံအများအပြား နေ့စဉ်သွားလာရေးအတွက် အသုံးပြုနေတဲ့ တံတားဖြစ်ပါတယ်။

မိုင်းဖြတ်မြို့မှာ ၂၀၂၄ ခုနှစ်က စက်တင်ဘာလတွင် ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ ချောင်းရေမြင့်တက်လာပြီး သစ်တုံးများ၊ သစ်ကိုင်းများ မျောပါလာကာ သာယာအေးတံတားကို တိုက်မိခဲ့ပြီး တံတားအောက်ခြေ ကွန်ကရစ်တိုင်စောင်းပြီး ယိုင်လာခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါတယ်

“တံတားအောက်ခြေ ကွန်ကရစ်တိုင် တစ်ခု စစောင်းနေတာ (၄)နှစ်လောက်ရှိပြီ အဲ့လောက်မဆိုးသေးဘူး။ အခုက နောက်ကွန်ကရစ်တိုင်တစ်ခုပါ ထပ်ယိုင်လာပြီး တဖြည်းဖြည်းနဲ့ ပိုစောင်းလာလို့ တံတားကို ကောင်းအောင် မြန်မြန်လုပ်စေချင်တယ်”လို့ တံတားကို အမြဲဖြတ်သန်းသွားနေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

တံတားအောက်ခြေကွန်ကရစ်တိုင် စောင်းပြီးယိုင်နေတဲ့အခြေအနေကြောင့် နေ့စဉ် အသုံးပြုသွားလာနေသော ဒေသခံပြည်သူများအနေတဲ့ တံတားရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်နေကြတာဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောပါတယ်။

“အခုဆိုရင် တံတားအောက်မှာ သစ်တုံးကြီးကြီးတွေ ပိတ်နေတာ လာမရှင်းပေးသေးဘူး။ ရေခန်းတွေတဲ့အချိန်မှ လာလုပ်ပေးတာ သူတို့က တံတား အောက်ခြေကို သစ်တုံးကြီးကြီးပြန်ထောက်ပြီး ကျောက်တုံးတွေနဲ့ လာဖို့ပေးတယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့ဟာတွေက ရေပြန်တက်လာပြီးဆိုရင် ရေတိုက်စားပြီး ပြန်ပါသွားတယ်”လို့ သူကဆက်ပြောပါတယ်။

၂၀၁၉ ခုနှစ် လူဦးရေစာရင်းအရ မိုင်းဖြတ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုရှိပြီး လူဦးရေ ၂၈,၀၇၂ ဦး နေထိုင်လျက်ရှိပြီး ခံနိုင်ဝန် (၇) တန်ရှိတဲ့ သာယာအေးတံတားကနေ တာချီလိတ်ဖက်ကို သွားလို့ရနိုင်တယ်လို့ သိရှိရပြီး မိုင်းဖြတ်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အာခါ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများအပါအဝင် ဒေသခံပြည်သူများ နေ့စဉ်သွားလာရေးနှင့် ကုန်စည် ပို့ဆောင်ရေးအတွက် အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်းသိရှိပါတယ်။

အရှေ့သံလွင်မီဒီယာအနေနဲ့ သက်ဆိုင်ရာဌာနများရဲ့ မှတ်ချက်များရရှိနိုင်ရန် ဆက်သွယ်မေးမြန်းလျက်ရှိပြီး အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။

#ဘေလီတံတား

#ပျက်စီး

#ဘိုရှီး

#မိုင်းဖြတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin