Language:

ဆည်တော်ကြီး ကန်မှရေတံခါးများဖွင့်ထားပြီဖြစ်လို့ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းဖို့ သတိပေး


ဆည်တော်ကြီး ကန်မှရေတံခါးများဖွင့်ထားပြီဖြစ်လို့ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းဖို့ သတိပေး

၅ သြဂုတ်လ ၂၀၂၆(Eastern Thanlwin)

ကြည်ညို

မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးမှာ ကန်ရေပြည့်အမှတ်ကို ရောက်ရှိရန် (၁)ပေခွဲခန့်သာ လိုတော့တာကြောင့် ရေတံခါးများဖွင့်ချထားရလို့ အနီးစပ်ဆုံး ကျေးရွာတွေအနေနဲ့ အမြန်ဆုံး ရွှေ့ပြောင်းကျဖို့ လူမှုကူညီရေးအသင်းတွေက အသိပေးတိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာတော့ ဆည်တော်ကြီးနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ချောင်းဘောင်များမှ ရေများ စတင်ဝင်ရောက်နေပြီဖြစ်လို့ ပုဂံစု၊ ရေချောင်း၊ သပြေချောင်၊ အင်းတံခါး ကျေးရွာများမှဒေသခံများအနေဖြင့် ကုန်းမြင့်ပိုင်းတွေထံ အရေးပေါ် ပြောင်းရွှေ့နေထိုင်ရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းကော်မတီက ထုတ်ပြန်နှိုးဆော်ထားပါတယ်။

လက်ရှိရေအမှတ်မှာလည်း (၉၅.၆)သို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီ ဖြစ်ကာ နောက်ထပ် ရေ (၃)ပေ ထပ်တိုးပါက ကားလမ်းရေကျော်နိုင်ကြောင်း၊ လက်ရှိတွင် ကျေးရွာများနှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများကျော်လွန်၍ စတင်ဝင်ရောက်နေပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အရှေ့မြောက်ဘက်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ကန်ရေပြည့်မှတ်သို့ရောက်ရှိရန် အနည်းငယ်သာ ကျန်ရှိတော့တာကြောင့် ရေပိုလွှဲတံခါးများကို သြဂုတ် (၃) ရက်ည ဦးပိုင်းကစတင်ကာ ဖွင့်ထုတ်လျက်ရှိတာဖြစ်ပါတယ်။

ရေပိုလွှဲများ ဖွင့်ထုတ်မှုမှာ ဆည်တော်ကြီးရေလှောင်တမံ၏ ကြံ့ခိုင်မှုကို ထိခိုက်မှုမရှိစေရန်နှင့် ဆည်အောက်ဘက်ရှိ ကျေးရွာများ ရေဘေးအန္တရာယ်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ထိန်းညှိဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။

ဆည်တော်ကြီး ရေလှောင်တမံမှာ ကန်အတွင်းဝင်ရေ (၅၃ဝ၇)ဧကပေရှိပြီး ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ်မှာ (၄၁၉.၅)ပေ နှင့် ရေလှောင်ပမာဏမှာ ဧကပေ (၃၆၃ဝဝဝ)အထိရှိတယ်လို့ သိရပါတယ်။

#ရေတံခါး

#ရေဘေးအန္တရာယ်

#မတ္တရာမြို့

#ဆည်တော်ကြီး

#မန္တလေးတိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin