Language:

ကျိုင်းတုံမှာ တောင်ပေါ်မိုးသည်းမှုကြောင့် တောင်ကျရေများ ဆင်းပြီး ချောင်းရေလျှံမှု တွေ့ကြုံနေရ


ကျိုင်းတုံမှာ တောင်ပေါ်မိုးသည်းမှုကြောင့် တောင်ကျရေများ ဆင်းပြီး ချောင်းရေလျှံမှု တွေ့ကြုံနေရ

၄ သြဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ကိုဇက်

ကျိုင်းတုံမှာ သြဂုတ် (၄)ရက်နေ့မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မြေနိမ့်ပိုင်းနေရာအချို့ ရေဝင်ရောက်ပြီး ချောင်းရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရှိရပါတယ်။

တောင်ပေါ်ဒေသတစ်လျှောက် မိုးသည်းထန်မှုတွေကြောင့် တောင်ကျချောင်းရေတက်လာပြီး ကျိုင်းတုံ ၊ ကျိုင်းဖေါင်း ချောင်းရေမြင့်တက်လာကာ မြေနိမ့်ဧရိယာတွေအတွင်း ရေဝင်ရောက်လာတာဖြစ်တယ်လို့ သိရှိရပါတယ်။

“မြို့ထဲမှာတော့ အေးအေးဆေးဆေးပါ။ မိုးဆက်တိုက်ရွာတာတော့ဟုတ်တယ်။ အရင်နှစ်တုန်းကလို ရေတက်တာမရှိပါဘူး။ မြို့ပြင်က တစ်ချို့နေရာတွေမှာ ရေဝင်တယ်လို့ပြောတယ်။ စိုးရိမ်စရာရှိတဲ့ အခြေအနေတော့ မဟုတ်ပါဘူး”လို့ ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျိုင်းတုံ-မိုင်းခတ်သွားလမ်း ယန်းလော့ကျေးရွာအုပ်စုအတွင်းက လယ်ကွက်တွေအတွင်း စိုက်ပျိုးရေအတွက် သွယ်တန်းထားတဲ့ ရေမြောင်းအချို့ ရေလျှံတာတွေရှိပေမယ့် မြို့တွင်းရပ်ကွက်တွေ ရေဝင်ရောက်တာတွေမရှိသေးဘူးလို့ ကျိုင်းတုံ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ယာဂီမုန်တိုင်းကြောင့် ကျိုင်းတုံမြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒေသအတော်များများ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး ကျိုင်းတုံမြို့မှာလည်း မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်ပြီး လူနေအိမ်အချို့ ရေနစ်မြုပ်မှုများကြုံတွေ့ခဲ့ကာ တာချီလိတ်မှာလဲ ရေဘေးကြောင့် လူသေဆုံးမှုအထိ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

#သဘာဝဘေး

#မိုးသည်းထန်

#တောင်ကျချောင်းရေ

#ကျိုင်းတုံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin