၁၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းတွေက ဆရာ၊ ဆရာမတွေရဲ့ လစာကို တိုးမြှင့်ပေးဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက အစိုးရကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့ကြေးကို ခွင့်ပြုပြီးဖြစ်တဲ့အတွက် ထပ်မံတိုးမြှင့်ပေးနိုင်ခြင်းမရှိသေးဘူးလို့ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်က လွှတ်တော်မှာ ဖြေကြားခဲ့ပြီးနောက် ဦးအောင်လင်းဒွေးက အခုလို အကြံပြုခဲ့တာပါ။
“လုပ်မပေးနိုင်သေးဘူးဆိုပေမယ့်လည်း ဒါကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ သမ္မတကြီးကလည်း ပညာရေးကို အဖက်ဖက်က အားပေးတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိ ဘကကျောင်းဆရာ၊ ဆရာမတွေရဲ့ လစဉ်ထောက်ပံ့ကြေးဟာ မူလတန်းအဆင့် ၅၇,၀၀၀ ကျပ်၊ မူလတန်းလွန်နဲ့ အလယ်တန်းအဆင့် ၆၄,၅၀၀ ကျပ်၊ အထက်တန်းအဆင့် ၇၀,၅၀၀ ကျပ် အသီးသီးဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ယနေ့အထိ ပြောင်းလဲခြင်းမရှိသေးပါဘူး။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ၁၉၉၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆရာ၊ ဆရာမ ၁၀,၄၁၆ ဦးနဲ့ ကျောင်းပေါင်း ၁,၀၆၇ ကျောင်း ဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့ကြေးအဖြစ် ကျပ် ၅,၀၆၇ သန်း ခွင့်ပြုထားပြီး ဧပြီလမှ နိုဝင်ဘာလအထိ ကျပ် ၃,၂၉၂ သန်းကျော် ထောက်ပံ့ပေးခဲ့ကာ ကျပ် ၁,၇၇၄ သန်းကျော် ကျန်ရှိနေတယ်လို့ ဒုတိယဝန်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပညာရေးဝန်ကြီးဌာနကလည်း ဘကကျောင်းတွေကို ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေ (SIF)၊ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံနဲ့ သင်ထောက်ကူပစ္စည်းတွေကို နှစ်စဉ် အခမဲ့ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

