၁၈ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြန်မာနိုင်ငံဈေးကွက်ထဲ လူကြိုက်များတဲ့ ထိုင်းနိုင်ငံထုတ် Ovaltine ထုတ်ကုန်တွေကို တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ DKSH (Myanmar) Limited က အဆိုပါထုတ်ကုန်တွေရဲ့ ဖြန့်ဖြူးရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
DKSH (Myanmar) Limited ဟာ ထိုင်းနိုင်ငံ AB Food & Beverages (Thailand) Ltd. က ထုတ်လုပ်တဲ့ Ovaltine အမှတ်တံဆိပ်ထုတ်ကုန်တွေကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကုမ္ပဏီနှစ်ခုအကြား သဘောတူစာချုပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ ရပ်စဲခဲ့ပြီး အောက်တိုဘာလကုန်ကစလို့ ထိုင်းနိုင်ငံက Ovaltine ထုတ်ကုန်တွေ တင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ နောက်ဆုံးဖြန့်ဖြူးထားတဲ့ Ovaltine ထုတ်ကုန်တွေဟာ Batch No. 260320၊ သက်တမ်းကုန်ဆုံးရက် ၂၀၂၈ ခုနှစ် မတ်လ ၁၉ ရက်ရှိတဲ့ ကုန်ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ် အောက်တိုဘာလနောက်ပိုင်းမှာ အခြားတင်သွင်းသူတွေ၊ ဖြန့်ဖြူးသူတွေနဲ့ တခြားလမ်းကြောင်းတွေကတစ်ဆင့် ရောင်းချလာတဲ့ Ovaltine ထုတ်ကုန်တွေကို DKSH က ဖြန့်ချိထားတဲ့ ကုန်ပစ္စည်းတွေအဖြစ် သတ်မှတ်မှာမဟုတ်ဘဲ အဲဒီထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ ကုန်ပစ္စည်းအစစ်အမှန်ဖြစ်မှုအပေါ် ကုမ္ပဏီအနေနဲ့ တာဝန်ယူမှာမဟုတ်ကြောင်း အသိပေးထားပါတယ်။
အလားတူ DKSH ရဲ့ အမည်၊ အမှတ်တံဆိပ်၊ Logo နဲ့ ကုမ္ပဏီကို ကိုယ်စားပြုတဲ့ သက်သေခံအမှတ်အသားတွေကိုလည်း မည်သူ့ကိုမျှ အသုံးပြုခွင့်ပေးထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အောက်တိုဘာလနောက်ပိုင်း Ovaltine ထုတ်ကုန်တွေကို ရောင်းချရာမှာ DKSH က တင်သွင်းဖြန့်ဖြူးထားတယ်လို့ ဖော်ပြခြင်း၊ အဲဒီလို အဓိပ္ပာယ်သက်ရောက်စေတဲ့ ထုပ်ပိုးမှုနဲ့ အညွှန်းစာတွေ အသုံးပြုခြင်းကိုလည်း ခွင့်မပြုထားပါဘူး။
ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီရဲ့ အမည်၊ Logo နဲ့ အမှတ်အသားတွေကို အသုံးပြုရောင်းချတာတွေ တွေ့ရှိပါက တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံထုတ် Ovaltine ဟာ မြန်မာနိုင်ငံမှာ စားသုံးသူအများအပြား ရွေးချယ်သောက်သုံးနေကြတဲ့ အဖျော်ယမကာထုတ်ကုန်တစ်ခုဖြစ်တာကြောင့် အခုလို တရားဝင်တင်သွင်းဖြန့်ဖြူးမှု ရပ်ဆိုင်းလိုက်တဲ့အပေါ် ဈေးကွက်အတွင်းမှာလည်း သက်ရောက်မှုရှိလာနိုင်ပါတယ်။

