Language:

တာချီလိတ်မြို့က ဝိနည်းတော်နဲ့ မညီတဲ့ သံဃာ ၁၂ ပါးကို အောက်တိုဘာလအတွင်းမှာ လူဝတ်လဲ


တာချီလိတ်မြို့က ဝိနည်းတော်နဲ့ မညီတဲ့ သံဃာ ၁၂ ပါးကို အောက်တိုဘာလအတွင်းမှာ လူဝတ်လဲ

၁၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့မှာ ဝိနည်းတော်နဲ့ မညီဘဲ အကြိမ်ကြိမ် အလှူခံခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာ သောက်စားခြင်းတို့ ပြုလုပ်ခဲ့တဲ့ ရဟန်း၊ သီလရှင်နဲ့ ရှင်သာမဏေ စုစုပေါင်း (၁၂) ပါးကို အောက်တိုဘာလအတွင်းမှာ လူဝတ်လဲစေခဲ့ပြီးအရေးယူခဲ့တယ်လို့ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

တာချီလိတ်မြို့ပေါ်ရှိ လူနေထူထပ်သော ရပ်ကွက်တွေမှာ သတင်းပေးတိုင်ကြားချက်များအရ ကင်းလှည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေပြီး ဝိနည်းတော်နဲ့ မညီတဲ့ အပြုအမူများ ပြုလုပ်နေသူများကို တွေ့ရှိခဲ့တာဖြစ်ကြောင်း မြို့နယ်သာ/ ထိန်း ဥက္ကဋ္ဌ တောင်တန်းသာသနာပြု (ဗဟို)ဝန်ထမ်းကုန်း ကျောင်းတိုက်ဆရာတော်က မိန့်ကြားပါတယ်။

အဆိုပါစစ်ဆေးမှုများအတွင်း ရဟန်း (၇) ပါး၊ သီလရှင် (၁) ပါးနှင့် ရှင်သာမဏေ (၄) ပါး စုစုပေါင်း (၁၂) ပါးကို ဝန်ခံကတိရေးထိုးစေကာ သတိပေးလူဝတ်လဲစေခဲ့တာနှင့် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပြီး အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း ဆရာတော်ကမိန့်ကြားပါတယ်။

စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါသံဃာများဟာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်း၊ ခံဝန်ကတိထိုးထားပြီး ကိုယ်တိုင်သင်္ကန်းပြန်ဝတ်ခြင်းနှင့် ဝိနည်းတော်နှင့်မညီဘဲ အကြိမ်ကြိမ် အလှူခံခြင်းတို့ ပြုလုပ်ခဲ့ကြတာကြောင့် အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အရေးယူဆောင်ရွက်မှုအတွင်း ပုန်းထွန်ရပ်ကွက်ရှိ သီရိဟံသာကျောင်းနှင့် လွယ်တော်ခမ်းရပ်ကွက်ရှိ သဘာဝရိပ်သာကျောင်းတို့မှာ သီတင်သုံးနေထိုင်တဲ့ ရဟန်းနှင့် ရှင်သာမဏေများကို သာ/ထိန်းအဖွဲ့က အများဆုံး သတိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း အချက်အလက်တွေအရသိရပါတယ်။

#တာချီလိတ်မြို့

#ဝိနည်းတော်

#သံဃာ၁၂ပါး

#အောက်တိုဘာလအတွင်း

#လူဝတ်လဲ

ဆက်စပ်သတင်းများ

Eastern Thanlwin